မီဒီယာကို စောင့်ကြည့်အရေးယူရန် စစ်ခေါင်းဆောင် ညွှန်ကြား

By 001 (မဇ္စျိမ)
04 September 2023
မီဒီယာကို စောင့်ကြည့်အရေးယူရန် စစ်ခေါင်းဆောင် ညွှန်ကြား
ဓာတ်ပုံ- ရန်ကုန်မြို့ လှည်းတန်းတွင်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မြင်ကွင်း

မီဒီယာများအား စောင့်ကြည့်အရေးယူမှုများတိုးမြှင့်သွားမည့် ညွှန်ကြားချက်တခုကို စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။

“နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေးစရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ မရှိစေရေးအတွက် စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်သွားရန်” ဟု စစ်ခေါင်းဆောင်က ပြောသွား ခဲ့သည်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းမီဒီယာ ၁၀ ခုကျော်ကို လိုင်စင်ပိတ်သိမ်းခြင်းနှင့် သတင်း ထောက်များကို ဖမ်းဆီးခြင်း၊ စာပေတိုက်အချို့ကို ပုံနှိပ်ထုတ်ဝေခွင့် ပိတ်သိမ်းခြင်းများပြုလုပ်ခဲ့သည့် အပြင် ပုံနှိပ်ထုတ်ဝေရေးဉပဒေကိုလည်း ပြင်ဆင်ခဲ့သည်။

စစ်ကောင်စီက ၎င်းတို့အား ဝေဖန်ပြောဆိုသူများကို ဖိနှိပ်မှုများလုပ်ဆောင်နေပြီး လျှပ်စစ်မီးပျက်၍ စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနကိုဝေဖန်ခဲ့သည့် တေးသံရှင် ဗျူဟာကို ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့သည်။

စစ်ကောင်စီကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့် လုံးဝဆုံးရှုံးနေပြီး နယ်စည်းမခြားသတင်းထောက်များ အဖွဲ့(RSF)၏ ၂၀၂၃ ခုနှစ် မေလကထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ တွင် အောက်ဆုံး ၁၀ နိုင်ငံထဲတွင် ပါဝင်နေသည်။

ထို့ပြင် ဂီတ၊ ရုပ်ရှင်ကဏ္ဍတွင်လည်း အနုပညာသမားများ ဖမ်းဆီးခံရခြင်းများ ဆက်လက်ရှိနေပြီး ရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲများကို ခွင့်ပြုချက်ရယူပြီးမှပြသရန် ညွှန်ကြားခြင်းများလည်း စစ်ကောင်စီက ပြုလုပ်ခဲ့သည်။

အာဏာသိမ်းပြီးနောက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ထိန်းချုပ်ခံနေရပြီး အွန်လိုင်းမှ ပြောဆိုရေး သားမှုများလည်း စောင့်ကြည့်ခံနေရကာ စစ်ကောင်စီအပေါ် ဝေဖန်ရေးသားသူများ၊ အမျိုးသားညီညွတ် ရေးအစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့အား ထောက်ခံရေးသားသူများ ဖမ်းဆီးခံနေရ သည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly