ကမ္ဘာ့အသိုင်းအဝိုင်း၏ ဘဏ္ဍာရေးအရ တိုးမြှင့်ဖိအားပေးခြင်းကို ရင်ဆိုင်လာရသည့် စစ်ကောင်စီ

ကမ္ဘာ့အသိုင်းအဝိုင်း၏ ဘဏ္ဍာရေးအရ တိုးမြှင့်ဖိအားပေးခြင်းကို ရင်ဆိုင်လာရသည့် စစ်ကောင်စီ

မြန်မာအာဏာသိမ်းစစ်အုပ်စုသည် လက်ရှိတွင် ကမ္ဘာတဝန်း ဘဏ္ဍာငွေကြေးဆိုင်ရာ ဝင်လမ်း ရရှိမှုပိုင်းတွင် ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။

စင်္ကာပူ၏ United Overseas Bank (UOB) ဘဏ်သည် စက်တင်ဘာ ၁ ရက်မှစပြီး မြန်မာနိုင်ငံရှိ ဘဏ်များနှင့် ဆက်ဆံပတ်သက်မှုတို့ကို ဖြတ်တောက်လိုက်ပြီ ဖြစ်ပြီး ယင်းသည် မြန်မာ၏ ဘဏ်လုပ်ငန်းအပေါ် ပစ်မှတ်ထားသော နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်အညီ ဖြစ်သည့် လုပ်ဆောင်ချက်တခု ဖြစ်သည်။

UOB ဘဏ်သည် မြန်မာ့ဘဏ်အကောင့်များနှင့် အပြန်အလှန် ငွေပေးချေမှု အဝင်၊ အထွက် အားလုံးကို ပိတ်ပင်ကန့်သတ်မည် ဖြစ်သည်။ ထို့ပြင် UOB သည် မြန်မာမှ Visa နှင့် Mastercard ငွေသွင်း၊ ငွေလွှဲပြောင်းမှုများအပေါ်တွင်လည်း ထိန်းချုပ်ကန့်သတ်မှုများ ချမှတ်မည် ဖြစ်သည်။

အဆိုပါ လုပ်ဆောင်ချက်နှင့်အတူ စင်္ကာပူဘဏ်သည် မြန်မာဘဏ်များနှင့် ဆက်ဆံပတ်သက်မှုများကို ထိထိရောက်ရောက် ဖြတ်တောက်ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့အသိုင်းအဝိုင်းသည် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည်။

UOB ဘဏ်သည် မကြာသေးခင်ကလည်း Myanmar Airways International (MAI) လေကြောင်းလိုင်း၏ ဘဏ်အကောင့် ငါးခုစလုံးကို ပိတ်သိမ်းခဲ့သည်။

အခြားသော နိုင်ငံရပ်ခြား ဘဏ်လုပ်ငန်းများသည်လည်း UOB ၏ အဆိုပါ ထိန်းချုပ်ဟန့်တားမှုများအတိုင်း လိုက်လံလုပ်ဆောင်ဖွယ် ရှိသည်ဟု အကဲခတ်များက ပြောသည်။

မြန်မာစစ်တပ်သည် အဆိုပါ ငွေကြေးပိုက်ဆံများကို စစ်လက်နက်များ ဝယ်ယူရန်အတွက် အသုံးပြုနေသည်ဟု Curtin တက္ကသိုလ် စီးပွားရေးနှင့် ဥပဒေ မဟာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက ပြောသည်။

“မြန်မာကို ကြည့်လိုက်မယ်ဆိုရင် အချက်ပေးခေါင်းလောင်းသံတွေ မြည်နေပါလိမ့်မယ်။ ဘဏ္ဍာရေးအဖွဲ့အစည်းတချို့ရဲ့ လုံးလုံးလျားလျား ပိတ်ပင်ချက်တခု မဟုတ်ဘူးဆိုရင်တောင်မှ ပိုမို တင်းကျပ်မှုတွေ ရှိလာပါလိမ့်မယ်”

“ဒါကြောင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအတွက် လက်နက်နဲ့ အခြားအရာတွေ ဝယ်ဖို့ အင်မတန် ကျပ်တည်းခက်ခဲလာနေပါပြီ”

အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းအတွက် မြန်မာစစ်တပ်သည် ဝေဖန်ခံနေရသည်။

ပြီးခဲ့သည့်လကလည်း မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူ (ရယူ) ရာတွင် ပါဝင်ပတ်သက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပစ်မှတ်ထားပြီး အမေရိကန်က အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ထိုမတိုင်မီကလည်း အမေရိကန်သည် မြန်မာစစ်အုပ်စုနှင့် ဆက်နွယ်သည့် နိုင်ငံပိုင်ဘဏ်နှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သေးသည်။

လက်ရှိတွင် မြန်မာစစ်အုပ်စုသည် နိုင်ငံ၏ စီးပွားရေးကို ပြန်လည်ရှင်သန်စေရန် ကြိုးပမ်းနေသည်။ စစ်အုပ်စုသည် ပြီးခဲ့သည့်နှစ်များတွင် သတိပေးမှုများကို တိုးမြှင့်လုပ်ဆောင်ထားပြီး ပြည်သူများ ၂၀၁၄ နိုင်ငံခြားငွေကြေး လဲလှယ်မှု ဥပဒေကို လိုက်နာကြရေး သတိပေးထားသည်။ ထိုဥပဒေအရ မြန်မာတွင် နေထိုင်သူများအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော် တန်ဖိုးရှိ နိုင်ငံခြားငွေကြေးများကို ခြောက်လထက် ကျော်လွန်ကိုင်ဆောင်ခြင်း မပြုရန် ကန့်သတ်ထားသည်။

ထို့ပြင် စစ်အုပ်စုသည် ငွေလဲလုပ်ငန်း ဒါဇင်နှင့်ချီကို လိုင်စင်ရုပ်သိမ်းခဲ့သည်။

စစ်တပ်ထိန်းချုပ်သည့် ဗဟိုဘဏ်ကလည်း ကျပ်ငွေ ၂၀,၀၀၀ တန် ငွေစက္ကူများ ထုတ်ဝေခဲ့သည်။

သို့သော် နိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ အရေးယူဒဏ်ခတ်မှုများနှင့်အတူ စစ်အုပ်စု၏ ထိုလုပ်ဆောင်ချက်များက မြန်မာပြည်သူများအပေါ် ထိခိုက်စေလျက် ရှိသည်။

“အရင်အချိန်တွေက ဆိုရင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ရှင်သန်ခဲ့တယ်။ စက်ရုံတွေ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေလည်း အများအပြား ရှိခဲ့ကြတယ်။ သူတို့ကို ဝန်ဆောင်မှု ပံ့ပိုးပေးသူတွေအနေနဲ့ ကျွန်တော်တို့ဟာလည်း သူတို့နဲ့အတူ တိုးတက်ကြီးပွားခဲ့တယ်” ဟု မြန်မာစီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

“ဒါပေမယ့် လက်ရှိ အနေအထားကတော့ အရင်နဲ့ အတိုင်းသား ကွာခြားသွားခဲ့ပါပြီ။ အဖွဲ့အစည်းတွေလည်း ပိတ်သွားကြတယ်။ ရင်းနှီးမြှုပ်နှံသူတွေလည်း နိုင်ငံကနေ ထွက်ခွာနေကြပြီ။ လုပ်ငန်းတိုင်းလည်း ရုန်းကန်နေကြရတယ်။ တိုးတက်မှု မရှိလို့ ဟိုတယ်ကြီးတွေလည်း စိတ်ပျက်နေကြတယ်။ ဒီ မတည်ငြိမ်တဲ့ စီးပွားရေးလှိုင်းအကြားမှာ စက်ရုံကြီးတွေလည်း ထိခိုက်နေကြရပါတယ်”

အရပ်သား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် အွန်လိုင်းဘဏ်များ အသုံးပြုပြီး မြန်မာ၏ ဘဏ်လုပ်ငန်းကို ထိန်းညှိရန် ကြိုးပမ်းနေသည်။

ဇူလိုင်လက မြန်မာပြည်သူတို့၏ ဓနဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပြီး နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ထူထောင်ခဲ့သည်။

တချိန်တည်းမှာပင် NUG သည် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်ရေးအတွက် ငွေကြေးမတည်ရှာဖွေရန် ယင်းပလက်ဖောင်းကို အသုံးပြုသည်။

မြန်မာတွင် အရပ်သားပြည်သူတို့အပေါ် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေး ပိုမို ခိုင်မာသည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် လေ့လာစောင့်ကြည့်သူများက တောင်းဆိုလျက် ရှိသည်။ စစ်အုပ်စုကို ၎င်းတို့၏ အထိအနာဆုံးဖြစ်မည့် နေရာကို ထိုးနှက်ရန်နှင့် ၎င်းတို့၏ တစတစ လျော့ပါးလာသည့် ငွေကြေးရင်းမြစ်များကို ပစ်မှတ်ထားရန် တချို့က အကြံပြုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly