ကျောက်ကြီးတွင် စစ်ကောင်စီတပ်အထိုင်စခန်းကို KNLA/PDF သိမ်းပိုက်

By YT၊ ရွှေနွယ်
02 September 2023
ကျောက်ကြီးတွင် စစ်ကောင်စီတပ်အထိုင်စခန်းကို KNLA/PDF သိမ်းပိုက်
ပုံအညွှန်း - အမှတ် (၂) စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ် ၊ ဝဲကြီးကျေးရွာအုပ်စု သစ်ချဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းတခုကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာလ ၁ ရက် ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု အမှတ် (၂) စစ်ဒေသခွဲသတင်းရင်းမြစ်များထံက သိရသည်။

သစ်ချဆိပ်ရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယမန်နေ့တွင်မူ တိုက်ပွဲပိုမိုပြင်းထန်လာခြင်းဖြစ်ကြောင်း နှင့် စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း KNLA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"စစ်ကောင်စီဘက်က အတုန်းအရုန်းပဲ။ ထိခိုက်တာတွေ အများကြီးပဲ" ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံး၍ ခုနစ်ဦးအရှင်ဖမ်းဆီးရမိကြောင်းနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုများရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ မဇ္ဈိမက ကနဦးသိရှိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အလားတူ KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးခန့်ရှိကြောင်း သိရသည်။

အမှတ် (၂) စစ်ဒေသခွဲ၏ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်စောဒိုရှင်းကမူ စခန်းသိမ်းပိုက်ရရှိမှုကို အတည်ပြုပြီး စစ်ကောင်စီတပ်သေဆုံးအရေအတွက်နှင့် ဖမ်းဆီးရမိ သိမ်းဆည်းရရှိအရေအတွက်များအား ထုတ်ပြန်ပေးသွားမည်ဟု မဇ္ဈိမကိုပြောသည်။ 

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်း ထောက်လှမ်းဝဲပျံမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ကျောက်ကြီး၊ မုန်း၊ ဖြူး၊ ကျောက်တံခါးနှင့် ထန်းတပင်မြို့နယ်တို့သည့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် မြို့နယ်များဖြစ်ပြီး လက်ရှိတွင် အဆိုပါဒေသအတွင်း စစ်ကောင်စီတပ်နှင့် KNLA/PDF ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးအရှိန်မြင့်တက်လျက်ရှိကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းကလည်း ထန်းတပင်မြို့နယ် မြို့ဆိုးရွာရှိ စစ်တောင်းမြစ်ကူးတံတား စစ်ကောင်စီကင်းဂိတ်ကို ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ် ဦးသေဆုံးကြောင်း အထူးကွန်မန်ဒိုတပ်ရင်း − တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly