ဆန္ဒပြမှုများကို နှိမ်နင်းရန် စစ်ကောင်စီက အမျိုးသမီးနှင့် ကလေးငယ်များကို ဖမ်းဆီးဟု ကုလသမဂ္ဂ ပြော 

By Anadolu
01 September 2023
ဆန္ဒပြမှုများကို နှိမ်နင်းရန် စစ်ကောင်စီက အမျိုးသမီးနှင့် ကလေးငယ်များကို ဖမ်းဆီးဟု ကုလသမဂ္ဂ ပြော 
United Nations Information Office in Yangon, Myanmar ( Aung Naing Soe - Anadolu Agency )

အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် အမျိုးသမီးများနှင့် ကလေးငယ်များအတွက် ဘေးအန္တရာယ် ရှိသည့် နိုင်ငံတနိုင်ငံ ဖြစ်သည်ဟု ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဆီ လာရောက်ခဲ့သူ ကုလသမဂ္ဂ အကြီးတန်းတာဝန်ရှိသူတဦးက ပြောသည်။ 

မြန်မာနိုင်ငံတွင် အာဏာမသိမ်းခင် အကြို၌ စစ်ခေါင်းဆောင်များနှင့် ယခင် အစိုးရကြား တင်းမာမှုများကို ဖြေရှင်းနိုင်ရေး ကုလသမဂ္ဂက ကြိုးစားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းရေး ယန္တရား အကြီးအကဲ Nicolus Koumjian က Anadolu သတင်းဌာနသို့ ပြောသည်။ 

“ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်နေတုန်းမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တယ်၊ အာဏာသိမ်းခေါင်းဆောင်တွေကို ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြခဲ့တယ်”ဟု ၎င်းက ပြောသည်။ 

သို့ရာတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် နိုင်ငံတကာ ဥပဒေနှင့် ဖွဲ့စည်းပုံတို့ကို ချိုးဖောက်ကြောင်း သူက ဆိုသည်။ 

စစ်ကောင်စီက နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာ၍ အကြမ်းဖက်မှုများနှင့် ဥပဒေမဲ့ ဖမ်းဆီးခြင်းများ ရှိလာသည်ဟု၎င်းက ထပ်လောင်းပြောသည်။ 

အစပိုင်း၌ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်ကောင်စီက သည်းခံသော်လည်း ဆန္ဒပြမှုများ ကြီးထွားလာသည့်အခါ မဆင်မခြင် အင်အားသုံးလာသည်ဟု သူက ဆိုသည်။ 

“အာဏာသိမ်း ခေါင်းဆောင်တွေဟာ လူထုရဲ့ တုံ့ပြန်မှုကို အစပိုင်းမှာ ခွင့်ပြုပေးထားပေမယ့် နောက်ပိုင်း ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ သေစေနိုင်တဲ့ အင်အား သုံးစွဲလာတယ်၊ စစ်တပ်ဟာ သတင်းသမားတွေ၊ ဆရာဝန်တွေနဲ့ အတိုက်အခံတွေကို ပစ်မှတ်ထားပြီး အင်အားသုံးလာတယ်”ဟု ၎င်းက ပြောသည်။ 

ပြည်သူ့တွန်းလှန်မှုနှင့် ဆန္ဒပြမှုများကို ဖိနှိပ်ချေမှုန်းရန် စစ်တပ်သည် အမျိုးသမီးများနှင့် ကလေးများကို ဖမ်းဆီးကြောင်း Koumjian က ပြောသည်။ 

စစ်တပ်၏ ထင်ရာစိုင်း လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ အများအပြား သေဆုံးရကြောင်းလည်း ၎င်းက ဆိုသည်။ 

“ဒီ တိုက်ခိုက်မှုတွေမှာ သေဆုံးရသူတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ အသေးစိတ် ရှိထားတယ်၊ ဧပြီလအတွင်းက ပဇီကြီးကျေးရွာ တိုက်ခိုက်မှုမှာဆို ကလေးအယောက် ၄၀ အပါအဝင် ပြည်သူ ၁၀၀ အနည်းဆုံး သေဆုံးတယ်”ဟု ၎င်းက ပြောသည်။ 

ရိုဟင်ဂျာအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားကျူးလွန်မှုများ မြင့်တက်နေခြင်းကိုလည်း Koumjian က မီးမောင်းထိုး ပြောဆိုသည်။ “ကျွန်တော်တို့ ပဋိပက္ခဖြစ်ရာ နေရာတော်တော်များများကို ရောက်ရှိခဲ့တယ်၊ အရင်က မကြုံဘူးတာတွေ တွေ့မြင်ကြားသိရတယ်၊ အရပ်သားပြည်သူတွေအပေါ် ဖြစ်ပွားဆဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျွန်တော်တို့ သက်သေစုဆောင်းခဲ့တယ်၊ ဒါပေမဲ့ မြန်မာစစ်အာဏာသိမ်းသူတွေကတော့ တာဝန်မခံရသေးဘဲ ရှိနေတုန်းပဲ တနေ့နေ့တော့ သူတို့တွေ တရားရင်ဆိုင်ရမယ်လို့ ကျွန်တော် မျှော်လင့်တယ်၊ ဒါကြောင့် သက်သေအချက်အလက်တွေ ကျွန်တော် ဆက်လက်စုဆောင်းနေတာ ဖြစ်တယ်”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly