ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူများကို  စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်း

By အဂမ်(မဇ္ဈိမ)
31 August 2023
ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူများကို  စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်း
ပုံအညွှန်း- စစ်ကောင်စီ တပ်သား (ဓာတ်ပုံ- ပုံဟောင်း)

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်က ဒေသခံများနှင့် ခရီးသွားများကို ဖမ်းဆီးကာ စစ်ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း ပြန်လည်လွှတ်မြောက်လာသူ ဒေသခံများက ပြောသည်။ 

နန့်ယားကျေးရွာ ဒေသခံများ၊ စစ်ရှောင်စခန်းမှ ပြည်သူများနှင့် ခရီးသွားများ စုစုပေါင်း ဦးရေ ၁၀၀ ကျော်ကို သြဂုတ်လ ၂၄ ရက်တွင်  စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် နန့်ယားကျေးရွာနှင့် ကပ်မှော်ကျေးရွာမှ ဖမ်းဆီးခံရသူများထဲမှ ၁၄ ဦးကျော် ပြန်လည်လွှတ်မြောက်လာကြောင်း သိရသည်။  

လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် လမ်းတစ်လျှောက်တွင် စစ်ယူနီဖောင်းအင်္ကျီများကို ဝတ်ဆင်ထားရပြီး စစ်လက်နက်ပစ္စည်းများကို သယ်ယူထမ်းပိုးပေးခဲ့ရကြောင်း ပြန်လည်လွှတ်မြောက်လာသူ နန်းယားကျေးရွာ ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများတွင် နန့်ယားကျေးရွာ ဒေသခံ  ဦးရေ ၃၀ ကျော်ပါဝင်သည်ဆိုသော ဒေသခံများ၏ ပြောဆိုချက်ကို  အတည်ပြုနိုင်ရန် နှင့်  အခြားဖမ်းဆီးခံရသူများ လွှတ်မြောက်လာမှု ရှိ၊ မရှိကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။ 

“နန့်ယားကဖမ်းခေါ်လာတဲ့သူတွေကို နန့်တိန်းရောက်တာနဲ့ ပြန်လွှတ်ပေးပြီ။ အခုသူတို့အားလုံး ဒီကို (နန့်ယားရွာ)ပြန်ရောက်လာပါပြီ “ဟု သတင်းရင်းမြစ်က ပြောသည်။

မရစ်ဘရန်အောင်၊ ဒေါ်ဇာဇာမျိုး၊ ရမ်ထွန်း၊ ဦးစိုးသိန်း၊ ဆွတ်ဒန့်မျိုး၊ ဆိုင်းထွယ်အောင်၊ ကိုကျော်လှိုင်၊ ကိုစိုးမြင့်အောင်၊ ခန်းဒါတူးအောင်၊ ဆရာပြည့် ဖြိုးနိုင်ဝင်း၊ ဆရာဂျန်မော်အောင်ဆိုင်း၊ မိုင်ဆိုင်း၊ ဒီးရမ်နှင့် ကိုဂတုံး တို့ ပြန်လည်လွှတ်မြောက်လာခြင်းဖြစ်သည်။ 

၎င်းတို့အထဲမှ ကပ်မှော်ကျေးရွာ ဒေသခံနှစ်ဦးဖြစ်သည့် ဆိုင်းထွယ်အောင်နဲ့ ဆွတ်ဒန့်မျိုးသည် အသက်မပြည့်သေးသည့် ရှစ်တန်းနှင့် ကိုးတန်းကျောင်းသားများ ဖြစ်ကြောင်း သိရသည်။ ထို့ပြင်ပြန်လည်လွှတ်မြောက်လာသူများတွင် ဘာသာရေးတရားဟောဆရာနှင့် အင်ဂျင်နီယာ နှစ်ဦး ပါဝင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ 

 စစ်ကောင်စီတပ်သည်  ဩဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခန့် ဖားကန့်မြို့နှင့် ရှစ်မိုင်ခန့်အကွာရှိ နန့်တိန်းကျေးရွာသို့ အရောက်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း နန်ယားကျေးရွာဒေသခံက ဆိုသည်။ 

ဖားကန့်ဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို သြဂုတ်လ ၂၂ ရက်တွင် ကေအိုင်အေတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း သြဂုတ်လ ၂၄ ရက်တွင် ထိုကဲ့သို့ ဒေသခံများကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

ထိုစစ်ကောင်စီတပ် စစ်ကြောင်းအား သြဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တွင် ကေအိုင်အေ တပ်ရင်း (၆)က ငါးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်သေးသည်။ လက်ရှိတွင် နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly