စစ်မျက်နှာအားလုံး မဟာဗျူဟာကျကျ စွမ်းဆောင်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖန်တီးနိုင်မယ့်လို့ NUG ယာယီသမ္မတ ပြော

စစ်မျက်နှာအားလုံး မဟာဗျူဟာကျကျ စွမ်းဆောင်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖန်တီးနိုင်မယ့်လို့ NUG ယာယီသမ္မတ ပြော

စစ်မျက်နှာအားလုံးမှာ မဟာဗျူဟာကျကျနဲ့ စွမ်းဆောင်နိုင်မှသာ ပြည်သူလူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖန်တီးပေးနိုင်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်ပါတယ်။

သြဂုတ် ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ၂၉ ကြိမ်မြောက် အစိုးရအဖွဲ့အ စည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုသတိပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယာယီသမ္မတဒူဝါလရှီးလက မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်ကောင်စီဟာ လေကြောင်းအင် အားကိုအသုံးချပြီး အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုတွေနဲ့အတူ ကျေးရွာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမှာ ရန်သူကိုပိုပြီးအထိနာဖို့ဆိုရင် စစ်ရေးတစ်ခုတည်းမဟုတ်ဘဲ စစ်မျက်နှာမျိုးစုံဖွင့်ပြီး တိုက်ပွဲဝင်ရမှာဖြစ်သလို ဘဏ္ဍာရေးနဲ့ နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍတွေဟာ တော်လှန် ရေးရဲ့အရေးပါတဲ့ စစ်မျက်နှာတွေဖြစ်တယ်လို့ သတိပေးခဲ့တာပါ။

ဒါ့အပြင် အမေရိကန်အစိုးရရဲ့ စစ်ကောင်စီအပေါ် ဘဏ္ဍာရေး၊ လောင်စာဆီကဏ္ဍတွေနဲ့ ပတ်သတ်ပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့ ကန့်သတ်မှုတွေဟာ ရန်သူစစ်ကောင်စီအတွက် အထိနာအကျပ်အတည်းဆိုက်တဲ့ အခြေအနေကို သိသာထင်ရှားစွာ ရောက်ရှိနေပြီလို့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

အဲဒီအစည်းအဝေးအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြည်သူကို ကာကွယ်ပေးရမယ့် တော်လှန်ရေးအဖွဲ့တွေမှာလမ်းကြောင်းလွဲလာကြမယ်ဆိုရင် တော်လှန်ရေးအတွက် ထိခိုက်မှု ရှိလာမယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုများဘက်က လက်နက်ကိုင် တပ်ဖွဲ့တွေအတွင်းမှာလည်း လက်ရှိ ဆင်နွှဲနေရတဲ့ တော်လှန်ရေးရဲ့ အရင်းအမြစ်ပြဿနာက ဘာလဲဆိုတာကို မေ့လျော့ပြီး လက်နက်ရှိလာတာနဲ့ ပြည်သူအပေါ် အာဏာပြချင်တဲ့ လူပုဂ္ဂိုလ်မျိုးတွေ၊ အနိုင်အထက်ပြုကျင့်လိုသူတွေရှိလာတယ်လို့ ဝန်ကြီးချုပ် က ထောက်ပြပါတယ်။

ပြည်သူတွေဘက်က ငြိုငြင်စရာဖြစ်ရပ်တွေ များပြားလာရင် ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုလည်း တစ်စထက်တစ်စ ပျယ်လွင့်သွားနိုင်တာကို ကြီးစွာသတိထားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

အထူးသဖြင့် လက်နက် ကိုင်ထားကြတဲ့ အစုအဖွဲ့တွေကြားက ပြဿနာတွေဆိုရင် အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ ချမှတ်ဖြေရှင်းကြရမှာ ဖြစ်တာကြောင့် သတိထားဖြေရှင်းရမယ့် ကိစ္စတွေကိုပြဿနာတွေ မကြီးထွားခင် မြန်မြန်ဆန်ဆန်ဖြေရှင်းဆောင်ရွက်ကြမှ အခက်အခဲနည်းမယ်လို့ လည်းပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly