တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်စွာတိုက်ပွဲဝင်ကြရန် NUG ယာယီသမ္မတနှင့် ဝန်ကြီးချုပ် သတိပေး

By မောင်ခက်နွေ (မဇ္ဈိမ)
30 August 2023
တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်စွာတိုက်ပွဲဝင်ကြရန် NUG ယာယီသမ္မတနှင့် ဝန်ကြီးချုပ် သတိပေး

၂၀၂၃ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအရှိန်မြင့်လာခြင်းကြောင့် အင်အားစုများအနေဖြင့်  လမ်း ကြောင်း မယိမ်းမယိုင်ဘဲ စုစုစည်းစည်းဖြင့် ဘုံရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်အောင် သတိ ထားပြီးသွားကြရမည့်အချိန်ဖြစ်သည်ဟု  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က သတိပေးလိုက်သည်။

ဩဂုတ်လ ၂၉ ရက်က ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ (၂၉) ကြိမ်မြောက် အစိုးရ အဖွဲ့အစည်းဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

"ကျွန်တော်တို့နိုင်ငံလို သမိုင်းကြောင်းရှည်လျားပြီး မတူကွဲပြားမှုတွေနဲ့တည်ရှိနေတဲ့ နိုင်ငံဖြစ်တဲ့အပြင် နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်မှုတွေနဲ့နေထိုင်လာရတဲ့ တိုင်းပြည်ဖြစ်နေတာမို့ ဒီလိုတော်လှန်ရေးကာ လမှာ စိန်ခေါ်မှုတွေကလည်း အင်မတန်များမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေ ဘယ် လောက်များများ ဒါတွေကိုရင်ဆိုင်ကျော်လွှားပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ဖို့၊ ဖက်ဒရယ်နိုင်ငံ တော်တည်ထောင်နိုင်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက် ခိုင်ခိုင်မာမာရှိနေတာဟာ ဒီတော်လှန်ရေးကို မဖြစ်မနေ အောင်မြင်စေမယ့် အကြောင်းတရားတစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုသည်။  

လက်ရှိတော်လှန်ရေးသည် အမှားကင်းကင်းဖြင့် စစ်ကောင်စီ၏လှည့်ကွက်များကို ကျော်လွှားသွားရန် အသင့်ဖြစ်နေသည့် တော်လှန်ရေးဖြစ်ပြီး ပေါင်းစပ်ညှိနှိုင်းကာ ဆက်လက်အားထုတ်သွားရန်တိုက်တွန်း လိုသည်ဟု ၎င်းက ဆက်ပြောသည်။ 

ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်သူကိုကာကွယ်ပေးရမည့်သူများဖြစ်ပြီး လမ်း ကြောင်းလွဲလာပါက တော်လှန်ရေးအတွက် ထိခိုက်မှုရှိလာမည်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ 

“ငြိုငြင်စရာဖြစ်ရပ်တွေများပြားလာရင် ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုလည်း တစထက်တစ ပျယ် လွင့်သွားနိုင်တာကို ကြီးစွာ သတိထားရမှာ ဖြစ်ပါတယ်။ ဘုံရည်မှန်းချက် တူညီနေကြပြီဆိုရင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတွေမှာ ဘယ်လိုပဲ ကြီးမားတဲ့အခက်အခဲနဲ့ အတားအဆီးတွေရှိနေပါစေ အပြန် အလှန်လေးစားမှု၊ နားလည်မှုတွေနဲ့ ဒီအခက်အခဲတွေကို မုချကျော်လွှားနိုင်မှာ ဖြစ်ပါတယ်” ဟု လည်း ဆိုသည်။

ယာယီသမ္မတ ဒူဝါလရှီးလကလည်း လက်ရှိတော်လှန်ရေးသည် စစ်မျက်နှာမျိုးစုံကိုဖွင့်လှစ်ပြီး တိုက်ပွဲဝင် နေရခြင်းကြောင့် မဟာဗျူဟာကျကျဖြင့်စွမ်းဆောင်နိုင်မှသာလျှင်  ဒီမိုကရေစီနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖန်တီးပေးနိုင်မှာဖြစ်ကြောင်းဆိုသည်။

“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ကဏ္ဍအသီးသီးမှာ ပုခုံးထမ်းတာဝန်ဆောင်ရွက်နေကြတဲ့ ရဲဘော် ရဲဘက်များကို ကျွန်တော့်အနေနဲ့တိုက်တွန်းလိုတာက ကျွန်တော်တို့ တော်လှန်ရေးဟာ ပြည်သူနဲ့ ကင်း ကွာတဲ့ တော်လှန်ရေးမဖြစ်ရေးဟာ တော်လှန်ရေးသစ္စာတခုဖြစ်တယ်ဆိုတာ အမြဲဂရုပြုထားကြဖို့ ဖြစ်ပါ တယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးရဲ့ လုပ်ငန်းဆောင်တာတွေ မည်မျှပင်များပြားသည်ဖြစ်ပါစေ ပြည်သူလူထုနဲ့ ချိတ်ဆက်မှု၊ တသားတည်းဖြစ်မှုတွေကို အမြဲတမ်း ထိပ်ဆုံးမှာထားရမှာဖြစ်ပါတယ်” ဟု  ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားသည်။

တော်လှန်ရေးနှင့်အစိုးရ၏ အသက်သွေးကြောသည် ပြည်သူလူထု၏ထောက်ခံမှုဖြစ်ပြီး ပြည်သူလူထုနှင့် တသားတည်းရပ်တည်ရန် အရေးကြီးကြောင်း၊ ဘုံသဘောတူညီချက်ချင်းတူညီလျှင် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ဒူဝါလရှီးလက သတိပေးပြောဆိုသည်။ 

ပုံစာ - အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၉ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးအားတွေ့မြင်ရစဉ် (ပုံ - Acting President Duwa Lashi La Facebook )

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly