ရိုဟင်ဂျာ ဒုက္ခသည်များက ဖေ့ဘုတ်မိခင်ကုမ္ပဏီအား အိုင်ယာလန်တွင် တရားစွဲ 

ရိုဟင်ဂျာ ဒုက္ခသည်များက ဖေ့ဘုတ်မိခင်ကုမ္ပဏီအား အိုင်ယာလန်တွင် တရားစွဲ 

ရာစုနှစ်၏ အဆိုးဝါးဆုံး စစ်ရာဇဝတ်မှုတခုဖြစ်သော ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်မှုဖြင့် ဖေ့ဘုတ်၏ မိခင်ကုမ္ပဏီ နည်းပညာကုမ္ပဏီကြီး Meta ကို ရိုဟင်ဂျာဒုက္ခသည်များက အိုင်ယာလန် တရားရုံးချုပ်တွင် တရားစွဲဆို အမှုတင်ထားသည်။ 

ပြီးခဲ့သည့် သောကြာနေ့ ဩဂုတ် ၂၅ ရက်သည် မြန်မာစစ်တပ်က မွတ်စလင်ရိုဟင်ဂျာ ၂၅,၀၀၀ ကျော်ကို သတ်ဖြတ်ပြီး နောက်ထပ် ၇၀၀,၀၀၀ ကျော် နေရပ်စွန့်ထွက်ပြေးခဲ့ရသော တိုင်းရင်းသားလူမျိုးစု ရှင်းလင်းရေး စတင်ချိန်မှ ခြောက်နှစ်ပြည့်မြောက် ဖြစ်သည်။ ရိုဟင်ဂျာ အများစုသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ကြကာ တော်တော်များများက နေထိုင်လျက် ရှိဆဲဖြစ်၍ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်နေသည်။ 

Meta ကုမ္ပဏီ၏ လူမှုမီဒီယာ ပလက်ဖောင်း ဖေ့ဘုတ်သည် အကြမ်းဖက်မှုများကို မီးထိုးပေးသော အမုန်းစကား ပြန့်နှံ့မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ၂၀၁၈ ခုနှစ်အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက ဆိုထားသည်။ 

“ဖေ့ဘုတ်ရဲ့ အယ်လ်ဂိုရီသမ်နဲ့ Meta ရဲ့ အဆင်အခြင်မဲ့ အကျိုးအမြတ် ဖော်ဆောင်တာတွေကြောင့် ရိုဟင်ဂျာပြည်သူတွေအပေါ် အမုန်းတရား ပွားစေပြီး မြန်မာနိုင်ငံကနေ အစုပြုံလိုက် ထွက်ပြေးရမှုအထိ ဖြစ်ပွားစေတယ်”ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ (AI )၏ ထုတ်ပြန်ချက်တရပ်၌လည်း ဖော်ပြထားသည်။ 

၂၀၁၈ ခုနှစ်၌ ဖေ့ဘုတ်သည် မြန်မာနိုင်ငံ၌ အမုန်းတရားကို ကိုင်တွယ်ဖြေရှင်းရေး၌ “အလွန်နှေးကွေးခဲ့သည်”ဟု ဝန်ခံပြီး ပြဿနာကို ကုစားရေးအတွက် မြန်မာစကားပြောသူများကို ပိုမို ငှားရမ်းခန့်ထားပြီး ပြဿနာဖြစ်စေနိုင်သည့် အကြောင်းအရာများကို စုံစမ်းစစ်ဆေးစေခဲ့သည်။ လက်ရှိအထိ ကုမ္ပဏီအနေဖြင့် နစ်နာလျော်ကြေး တစုံတရာ ပေးရခြင်း မရှိသေးပေ။ 

“မြန်မာစစ်တပ်က ကျွန်တော်တို့အပေါ် ကျူးလွန်မှုတွေကို ခွင့်ပြုပေးတဲ့ အခြေအနေတွေ ဖန်တီးပြီး ကူညီသလို ဖြစ်ခဲ့တဲ့အတွက် ဖေ့ဘုတ်ရယ်၊ မိခင်ကုမ္ပဏီ Meta ရယ်၊ နောက်ကွယ်ကလူ မက်ဇူကာဘတ်ရယ်ကို ကျွန်တော် အပြစ်တင်တယ်”ဟု ဘင်္ဂလားဒေ့ရှ်၊ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်သည့် မောင်ဆောယက်ဒိုလက်ရှ်က ပြောသည်။  

“လူမှုမီဒီယာကုမ္ပဏီဟာ ရိုဟင်ဂျာတွေကို ဆန့်ကျင်တဲ့ သဘောထားတွေကို ခွင့်ပြုပေးခဲ့တယ်၊ သတင်းမှားတွေကိုလည်း ခွင့်ပြုပေးတာကြောင့် မြေပြင်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားရတယ်”ဟု ၎င်းက ဆိုသည်။ 

အိုင်ယာလန် တရားရုံးချုပ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ဥပဒေအကျိုးဆောင် ကုမ္ပဏီနှစ်ရပ်နှင့် ကိုယ်စားလှယ် ရိုဟင်ဂျာ ဒုက္ခသည် ၁၇ ဦးတို့က အမှုတင်လာခြင်း ဖြစ်သည်။ အိုင်ယာလန်အနေဖြင့် ယင်းအမှုများကို လက်ခံဖွယ် ရှိပြီး Meta ကုမ္ပဏီကလည်း ရုံးချုပ် လာဖွင့်ထားသဖြင့် တရားစွဲရန် အသင့်တော်ဆုံး နိုင်ငံပဲ ဖြစ်သည်။ 

Meta အား ယခုကဲ့သို့ တရားစွဲဆိုခြင်းသည် ပထမဆုံး အကြိမ်မဟုတ်ဘဲ ၂၀၂၁ ခုနှစ်အတွင်းက ကယ်လီဖိုးနီးယားတွင် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံတန် အမှုစွဲဆိုမှုကို တင်ခဲ့သေးသည်။ သို့ရာတွင် ဖေ့ဘုတ်ကဲ့သို့သော ပလက်ဖောင်းများက တတိယအုပ်စုတို့၏ အကြောင်းအရာများကို ဖော်ပြခွင့် ခွင့်ပြုထားသော အမေရိကန် ဆက်သွယ်ရေး ကျင့်ဝတ် အက်ဥပဒေအပါအဝင် အကြောင်းရင်း တော်တော်များများကြောင့် အမှုကို ပလပ်ခဲ့သည်။ အိုင်ယာလန် တရားရုံးချုပ်ကလည်း အလားတူ စီရင်ချက်မျိုး ချမှတ်လာမည်လားဆိုသည်ကို စောင့်ကြည့်ရရန် ရှိနေသည်။ 

မည်သို့ဖြစ်စေ ယခုကဲ့သို့ အမှုတင်ခြင်းသည် လူမှုမီဒီယာ ပလက်ဖောင်းများ၌ သတင်းမှား ဖြန့်ဝေမှုများ၏ အတော်လေး စိုးရိမ်ဖွယ်ရာ ရှိနေသည်ကို မီးမောင်းထိုး ပြလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly