UNOCHA အကြီးအကဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပေမယ့် အကူအညီပေးရေး အခြေအနေ တိုးတတ်ပြောင်းလဲလာခြင်းမရှိ

By Spring
29 August 2023
UNOCHA အကြီးအကဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပေမယ့် အကူအညီပေးရေး အခြေအနေ တိုးတတ်ပြောင်းလဲလာခြင်းမရှိ

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr.Martin Griffiths ဒီလထဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးနောက်ပိုင်းမှာလည်း အခြေအနေကတော့ တိုးတက် ပြောင်းလဲသွားတာ မရှိတဲ့အကြောင်း မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေက ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေ လွတ်လွတ်လပ်လပ် သွားလာ ထောက်ပံ့ခွင့် မရသေးသလို၊ ပြန်လည် ထူထောင်ရေး လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မိုခါမုန်တိုင်းအပြင် ရေကြီးမှု ဒဏ်ကိုပါ ထပ်ဆင့် ကြုံခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းမှာ သဘာဝဘေးဒုက္ခသည်တွေ၊ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံတွေဟာ လုံခြုံတဲ့ အမိုးအကာ အောက်ကို ရောက်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး စားဝတ်နေရေး အကျပ်အတည်းတွေ ကြုံနေရတာပါ။ 

မြန်မာနိုင်ငံတွင်းလူသားချင်းစာနာမှုအကူအညီပေးဖို့ မှာ ပိတ်ဆို့ကန့်သတ်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂ က ပြောနေချိန်မှာပဲ UNOCHA အကြီးအကဲဟာ ပြီးခဲ့တဲ့ဇူလိုင် ၁၅ ရက်မှာ နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ရော စစ်ကောင်စီဝန်ကြီးတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

 (UNOCHA) အကြီးအကဲက မုန်တိုင်းသင့် ရခိုင်ပြည်နယ်ကို ကိုယ်တိုင် လာရောက်ခဲ့သလို၊ နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တာကြောင့် အကူအညီတွေ လွတ်လွတ်လပ်လပ် ပြန်လည် ပေးခွင့်ရဖို့ မျှော်လင့်ထားကြပေမဲ့လည်း ခုချိန်ထိကတော့ ကန့်သတ်မှုတွေ ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအကူအညီတွေက တကယ်လိုအပ်နေသူတွေဆီရောက်ဖို့ ခက်နေဦးမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

လူသားချင်းဆိုင်ရာတုံ့ပြန်ကူညီရေးစီမံချက်နဲ့ မိုခါအရေးပေါ်ကူညီရေး နှစ်ခုပေါင်းအတွက် လိုအပ်တဲ့ ရန်ပုံငွေ လျာထားချက်ဟာ အမေရိကန်ဒေါ်လာ ၈၈၆.၇ သန်းဖြစ်ပေမဲ့ လက်ရှိရန်ပုံငွေရရှိမှုဟာ ၂၅ ရာခိုင်နှုန်းသာ ရသေးတယ်လို့ (UNOCHA) က ပြောကြားထားပါတယ်။

ကမ္ဘာတဝန်းမှာ အကျပ်အတည်းတွေ အပြိုင်အဆိုင်ဖြစ်ပေါ်လာတာဟာ မြန်မာနိုင်ငံအတွက် အကူအညီပေးရေးရန်ပုံငွေရရှိမှု နည်းပါးရတဲ့အကြောင်းရင်းတစ်ရပ်လို့ ယူဆတဲ့အကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

ဝင်ရောက်ကူညီခွင့် ကန်သတ်ချက်တွေ၊ ရုံးလုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကြောင့် ကြန့်ကြာမှုတွေနဲ့ ရန်ပုံငွေလိုအပ်ချက်တွေရှိနေပေမဲ့ မြန်မာပြည်သူတွေဟာ အကူအညီတွေ အဆောတလျင်လိုအပ်နေတာကြောင့် အကူအညီပေးရေးတွေကိုတော့ ဆက်လုပ်မယ်လို့ ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူတွေအပြင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် ၇ သောင်းနီးပါး ရှိနေသေးတယ်လို့ ဒေသတွင်း စစ်ဘေးဒုက္ခသည် ကူညီရေး အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

လက်ရှိမှာတော့ တချို့ စစ်ဘေးဒုက္ခသည်စခန်း တွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ရှိပေမဲ့လို့ လုံလောက်မှု မရှိသလို တခြား သဘာဝဘေး အန္တရာယ်သင့် ပြည်သူတွေအတွက်လည်း ကူညီထောက်ပံ့မှုတွေ နည်းပါးတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။

#politicalnews
#mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly