မြန်မာစစ်ကောင်စီရေတပ်ကို ရေအောက် အသံစနစ်သုံး ကိရိယာတွေရောင်းချခဲ့ကြောင်း စင်္ကာပူနိုင်ငံသား ၂ ဦးဝန်ခံ

By Spring
29 August 2023
မြန်မာစစ်ကောင်စီရေတပ်ကို ရေအောက် အသံစနစ်သုံး ကိရိယာတွေရောင်းချခဲ့ကြောင်း စင်္ကာပူနိုင်ငံသား ၂ ဦးဝန်ခံ

စင်ကာပူနိုင်ငံသား နှစ်ဦးက အာဏာသိမ်းမြန်မာစစ်ကောင်စီရေတပ်ကို မြန်မာကုမ္ပဏီ တစ်ခုကတစ်ဆင့် စင်္ကာပူ ဒေါ်လာ ၂ သန်းဖိုးခန့် ရေအောက် အသံစနစ် Sonar System အသံလှိုင်းသုံးရှာဖွေရေးစနစ်တစ်ခု တရားမဝင် ရောင်းချခဲ့တယ်လို့  ဩဂုတ်လ ၂၅ ရက်နေ့က တရားရုံးမှာ ဝန်ခံလိုက်ပါတယ်။

စင်္ကာပူ Hydronav ကုမ္ပဏီက အရောင်းမန်နေဂျာနဲ့ ဒါရိုက်တာ တဦးဟာ မြန်မာနိုင်ငံအပေါ် တားမြစ်ထားတဲ့ လက်နက်အပါအဝင် မဟာဗျုဟာမြောက် စစ်သုံးပစ္စည်း ရောင်းချမှု ပိတ်ပင်ထားတဲ့ ဥပဒေကို ချိုးဖေါက်တယ်ဆိုပြီး စွဲချက် ၂ ခုနဲ့ တရားစွဲဆိုထားတာပါ။

သူတို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာရေတပ်အတွက် ပင်လယ်ကြမ်းပြင်  ပဲတင့်သံသုံး Sonar System အတွက် ပစ္စည်းကရိယာတွေ ရောင်းချခဲ့တာဖြစ်ပါတယ်။

မြန်မာရေပိုင်နက်အတွင်း ရေကြောင်းနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အဆိုပါ စနစ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စစ်ဘက်နဲ့ အရပ်ဘက်နှစ်မျိုးလုံးမှာ အသုံးပြုနိုင်ကြောင်း သိရပါတယ်။

တရားခံတွေက အဲဒီပစ္စည်းကို အင်ဒိုနီးရှားကုမ္ပဏီတစ်ခုကို ရောင်းချမှာဖြစ်တယ်လို့ မူရင်းပစ္စည်းရောင်းချတဲ့ နော်ဝေကုမ္ပဏီ (Kongsberg Maritime) ကို လိမ်ညာခဲ့တယ်လို့ ဆိုပါတယ်။ 

နော်ဝေမှ စင်ကာပူကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှာ အဆိုပါစနစ် ရောက်ရှိလာခဲ့ပြီး ဇူလိုင် ၂၀ ရက်နေ့မှာ မြန်မာကို တရားမဝင် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ 

ဒီအမှုအတွက် တရားခံတွေကို ဒဏ်ငွေချမှတ်ရာမှာ ရောင်းချတဲ့ စင်ကာပူ ကုမ္ပဏီကိုလည်း စင်ကာပူဒေါ်လာ တစ်သန်းချမှတ်ဖို့ အစိုးရရှေ့နေတွေက တရားရုံးကို တင်ပြတောင်းခံထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံက Light of Universe ကုမ္ပဏီအတွက် အမေရိကန်ဒေါ်လာ တသန်းခွဲကျော်ဖိုး ၂၀၁၈ ခုနှစ် ဇူလိုင်လက ရောင်းချခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာရေတပ် Hydrographic Centre ပင်မ တိုင်းတာရေးတပ် အတွက် အသုံးပြုနေတာကို စင်္ကာပူအာဏာပိုင်တွေ စုံစမ်းသိရှိခဲ့ပါတယ်။

မြန်မာရေတပ်အတွက် Sonar System သုံး ကိရိယာတွေ ရောင်းချနေတယ်ဆိုတဲ့ တိုင်တန်းချက်တွေ စင်္ကာပူ အကောက်ခွန်ဌာနက လက်ခံရရှိခဲ့ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ ကုမ္ပဏီကို စင်္ကာပူ တာဝန်ရှိသူတွေ ဝင်ရောက်စီးနင်းခဲ့သလို မှတ်တမ်းတွေနဲ့ ဒီဂျစ်တယ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly