စစ်ကောင်စီတပ် အထိနာနေပြီး မကြာမီ နေပြည်တော်မှာ PDF အလံစိုက်ထူနိုင်တော့မှာဖြစ်ကြောင်း NUG ကာကွယ်ရေး တာဝန်ရှိသူပြော

By Spring
29 August 2023
စစ်ကောင်စီတပ် အထိနာနေပြီး မကြာမီ နေပြည်တော်မှာ PDF အလံစိုက်ထူနိုင်တော့မှာဖြစ်ကြောင်း NUG ကာကွယ်ရေး တာဝန်ရှိသူပြော

မြန်မာနိုင်ငံတစ်ဝန်း နေရာအနှံ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီက  အရှုံးနဲ့ ရင်ဆိုင်နေရပြီး မကြာမီ နေပြည်တော်မှာ PDF အလံစိုက်ထူနိုင်တော့မှာဖြစ်ကြောင်း NUG ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောကြားလိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေနဲ့ တိုင်းရင်းသားမဟာမိတ် တော်လှန်ရေးတပ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ဒေသအများအပြားမှာ တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ် အထိနာလျက်ရှိနေပြီဖြစ်ကာ မဝေးတော့တဲ့ ကာလအတွင်း နေပြည်တော်မှာ PDFအလံ စိုက်ထူနိုင်တော့မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်ပတ်တစ်ကြိမ် ပြည်သူလူထုထံသို့ အပတ်စဉ် တင်ပြနေတဲ့  နွေဦးတော်လှန်ရေး ပြည်သူ့အောင်ပွဲများ အစီအစဉ်မှာ ၎င်းက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း ဒေသတွေနဲ့ နေပြည်တော် အနီးတဝိုက်အပါအဝင် ဒေသအများအပြားမှာ စစ်ကောင်စီတပ်များ အထိနာအောင်  PDFနဲ့ မဟာမိတ်တော်လှန်ရေးတပ်များက ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

မကြာမီ ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကိုလည်း ရှင်းလင်းပြောကြားခဲ့ရာမှာ  ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ဌာနချုပ် လိုင်ဇာအနီးရှိ  နမ့်ဆန်ယန်ဒေသ တိုက်ပွဲအခြေအနေကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နမ့်ဆန်ယန်ကို ဇူလိုင်လဆန်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်လနီးပါး ကြာလာပေမယ့် စစ်ကောင်စီတပ်သာ အထိနာခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးမှာ ရှုံးနိမ့်တိုင်း ဖြုတ်ထုတ်သတ် လမ်းစဉ် ကို လုပ်ဆောင်နေကြောင်း၊ စစ်ရေးအရ ရှုံးနိမ်နေတဲ့အပြင် အမိန့် ပေးကွပ်ကွဲမှု စနစ်လည်း ပျက်ယွင်းနေကြောင်း၊ ဒါကြောင့် စစ်သားအများအပြား စစ်တပ်မှ စွန့်ခွာနေကြောင်း ပြောဆိုထားပါတယ်။

တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများတဲ့အပြင် ဗျူဟာမြောက်လက်နက်များကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့တယ်လို့ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေနဲ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ တစ်ဆင်ပြီးတစ်ဆင့် စနစ်တကျ တည်ဆောက် သင်ကြားပေးလျက်ရှိပါတယ်လို့လည်း ဦးမောင်မောင်ဆွေက ပြောပါတယ်။

နေပြည်တော်နဲ့ ၂၅ မိုင်ခန့်သာဝေးတဲ့ တောင်ပေါ်ဒေသ နေရာတွေမှာလည်း  ယခုလအတွင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အခုလို တိုက်ခိုက်ရာမှာလည်း မြေပြင်မှာအထိနာတဲ့ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူများ အသုံးပြု တိုက်ခိုက်ခဲ့ရတယ်လို့ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်များက အောင်ပွဲခံနေကြောင်း ၊ လက်နက်ခဲယမ်းအမြောက်အမြားကို တိုက်ပွဲတိုင်း သိမ်းပိုက်ရရှိနေကြောင်း ချင်းပြည်နယ်တွင်  တိုက်ပွဲများဖြစ်ပွားရာမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး လေယာဉ်ပစ် လက်နက်ကြီးများ သိမ်းဆည်းရရှိနေကြောင်း ၊ ဖလမ်းမြို့ တိုက်ပွဲမှာလည်း ခလရ ၂၆၈ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာအဆင့် လက်နက်ကြီးများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့လက အနာဂတ်ဖက်ဒရယ်တပ်မတော်မှာ တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်ပြီး တပ်ခွဲမှူးပေါင်း ၃၀၀ကျော်ကို သင်တန်းဆင်းပြီး မွေးထုတ်နိုင်ခဲ့ ကြောင်း၊ တပ်ခွဲမှူးတွေဟာ စစ်မြေပြင်မှာ တပ်ရင်းတပ်ဖွဲ့များနဲ့အတူ တော်လှန်ရေးတာဝန်များကိုထမ်းဆောင်နေပြီဖြစ်ကြောင်း အသိပေးပြောကြားထားပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly