စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မင်းဒေါင့်တံတားမှ သစ်များတင်ဆောင်ထွက်ခွာလာသည့် သုံးစီးပါ စစ်ကောင်စီရေယာဉ်တန်းကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ချင်းတွင်းမြစ်ကြောင်း တနေရာတွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း Myaing Special People Defense Force (MSPDF) အဖွဲ့ထံ မှသိရသည်။
ချင်းတွင်းမြစ်ကြောင်းတနေရာတွင် RPG ၊ လက်လုပ်ရော့ကက်နှင့် လက်နက်ငယ်များဖြင့် မိနစ် ၂၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MSPDF မှ ကိုမြတ်ကြီးက ပြောသည်။
“ သင်္ဘောတွေကတော့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေမှန်ပြီး ပျက်စီးမှုတွေရှိတယ်။ လူထိခိုက် သေဆုံးမှုကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိခဲ့ကြောင်း ကိုမြတ်ကြီးက ဆိုသည်။
သစ်များတင်ဆောင်လာသည့် ရေယာဉ်တန်းမှာ ဩဂုတ်လ ၂၇ ရက်နေ့ ညပိုင်းတွင် ပခုက္ကူ ရွှေတိုက်တန်း သစ်ဆိပ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း - MSPDFနှင့်အတူ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MSPDF က ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#ချင်းတွင်းမြစ်
#စစ်ကောင်စီရေယာဉ်တန်း