မြန်မာသည် ရာသီဥတု အရေးပေါ်အခြေအနေများကို ခုခံနိုင်စွမ်းအားနည်းဟု NGO အဖွဲ့ ပြော

မြန်မာသည် ရာသီဥတု အရေးပေါ်အခြေအနေများကို ခုခံနိုင်စွမ်းအားနည်းဟု NGO အဖွဲ့ ပြော
Photo-AFP

မြန်မာတွင် ရာသီဥတု အရေးပေါ်အခြေအနေကို ခုခံနိုင်မှု အားနည်းခြင်းနှင့် နှစ်များချီကြာ လျစ်လျူရှုထားပြီးနောက် ကြိုတင်ပြင်ဆင် အရန်အသင့်ဖြစ်မှု ကင်းမဲ့ခြင်းတို့က ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မိုးကြီးမှုများကြောင့် ဖြစ်ပေါ်သော ကြီးမားသည့် ထိခိုက်ပျက်စီးမှုတို့အတွက် အကြောင်းခံပံ့ပိုးလျက် ရှိကြောင်း Progressive Voice အဖွဲ့က ပြောသည်။

ရခိုင်ပြည်နယ်တွင် ရေကြီးမှုကြောင့် လူ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ရပြီး နိုင်ငံအရှေ့တောင်ပိုင်းတွင် အဓိကကျသည့် သယ်ယူပို့ဆောင်ရေး အဆက်အသွယ်လမ်းကြောင်းများ ထိခိုက်ပျက်စီးထားခဲ့သည်။ မလေးရှားတွင် ခိုလှုံခွင့်ရှာဖွေရန် မြန်မာနိုင်ငံမှ လှေဖြင့် ထွက်ခွာရန် ကြိုးပမ်းခဲ့သော ရိုဟင်ဂျာများလည်း ပင်လယ်ပြင်တွင် လှိုင်းကြီးမှု၊ မိုးကြီးမှုနှင့် ကြုံရပြီးနောက် လှေနစ်မြုပ်ပြီး အတိဒုက္ခရောက်ခဲ့ရသည်။

ချမ်းသာသော စက်မှုနိုင်ငံများ၏ လောဘဇောတိုက်သည့် ဖွံ့ဖြိုးမှု စံပုံစံအပြင် အာဏာသိမ်းစစ်အုပ်စု အဆက်ဆက်နှင့် ၎င်းတို့၏ စီးပွားရေး ခရိုနီများကြောင့် ဖြစ်စေသည့် နှစ်များချီကြာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း အမွေအနှစ်၊ ရေရှည်ဆက်မထိန်းထားနိုင်သော သဘာဝရင်းမြစ် ထုတ်ယူမှုများနှင့် ဘေးဒုက္ခဆိုးဆိုင်ရာ ကြိုတင်ပြင်ဆင် အရန်အသင့်ရှိမှုပိုင်းတွင် လုံလောက်သည့် ရင်းနှီးမြှုပ်နှံမှု မရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်ဟု Progressive Voice က ထင်မြင်ယူဆသည်။

ယင်းက မြန်မာနိုင်ငံရှိ လူအစုအဖွဲ့များအပေါ် အချိုးအစား မမျှတစွာဖြင့် သက်ရောက်ထိခိုက်စေပြီး ၎င်းတို့အတွက် နစ်နာကြေးများ ရစေရန် လမ်းကြောင်းအနည်းငယ်ကိုသာ ရှိစေသည်။ သို့သော် နိုင်ငံအတွက် ပိုမို ရေရှည်ထိန်းထားနိုင်သော အနာဂတ်တခုကို ကိုယ်စားပြုထင်ဟပ်သည့် ဌာနေတိုင်းရင်း၊ အောက်ခြေ ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပရောဂျက်များတွင် မျှော်လင့်ချက်တို့ ရှိနေသည်။

ပြီးခဲ့သည့် သီတင်းပတ်များက ရေကြီးရေလျှံမှုများကြောင့် ကြီးမားသည့် ထိခိုက်ပျက်စီးမှုတို့ကို ဖြစ်စေခဲ့သလို နိုင်ငံ၏ နေရာအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ရှိခဲ့သည်။ ကရင်၊ မွန်၊ ရခိုင် ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ရေကြီးမှုကြောင့် လူ ၃၀,၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရသည်။

ကရင်ပြည်နယ်တွင် အရေးအပါဆုံး ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ထိုင်းနယ်စပ်အနီး မြဝတီနှင့် ကော့ကရိတ်ကို ချိတ်ဆက်သည့် အာရှလမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် မြေပြိုကျမှုဖြစ်ခဲ့သလို မွန်ပြည်နယ်ရှိ မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်းမ၏ လမ်းပိုင်းနေရာများတွင်လည်း ရေလွှမ်းမိုးခံခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် သားအမိနှစ်ဦး အပါအဝင် လူ ခြောက်ဦးထက်မနည်း ရေကြီးမှုကြောင့် သေဆုံးခဲ့သည်။ ဝမ်းနည်းဖွယ်ရာအဖြစ် မလေးရှားသို့ ဦးတည်ရင်း ရခိုင်ပြည်နယ် ရသေ့တောင်မှ ထွက်ခွာခဲ့သည့် ရိုဟင်ဂျာ ၅၅ ဦး လိုက်ပါလာသော လှေတစင်းသည် မိုးကြီး၊ လှိုင်းကြီးမှုနှင့် ရင်ဆိုင်ရပြီးနောက် ဘင်္ဂလားပင်လယ်အော်တွင် နစ်မြုပ်ခဲ့ရာ လူ ၄၅ ဦး ပျောက်ဆုံးနေခဲ့သည်။

ရခိုင်ပြည်နယ်၌ ရေကြီးမှုများက ပြီးခဲ့သည့် မေလက ဆိုင်ကလုန်း မိုခါ ဝင်တိုက်ပြီးနောက် ထိခိုက်ခံစားနေကြရဆဲဖြစ်သည့် လူသိန်းချီအတွက် အခြေအနေများကို ပိုဆိုးစေရုံသာ ရှိစေခဲ့သည်။ မိုခါ တိုက်ခတ်ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မုန်တိုင်းဒဏ်သင့် ဒေသများသို့ လူသားချင်းစာနာမှု အကူအညီ ပေးပို့မှုအပေါ် ပိတ်ပင်ကန့်သတ်ထားဆဲ ဖြစ်ရာ ပြည်သူတို့မှာ ဘေးကင်းသန့်ရှင်းသော သောက်သုံးရေ၊ မိလ္လာ အခြေခံအဆောက်အအုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ မရရှိနိုင်ဘဲ ဖြစ်နေကြရသည်။

မိုခါမုန်တိုင်းကြောင့် သို့မဟုတ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာကြရသူများအတွက် ယခု မိုးကြီး၊ရေကြီးမှုများက ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးများကို ပိုဆိုးစေခဲ့သည်။ ဥပမာအားဖြင့် ထင်းအတွက် တောအုပ်များကို အားကိုးကြရသည့် ပြည်တွင်းနေရပ်စွန့်ခွာရသူများသည် ယခုအခါ ချက်ပြုတ်ရန် ခြောက်သွေ့လောင်စာ ရှာမတွေ့နိုင်တော့သလို ရေကြီးမှုကြောင့် မြေမြှုပ်မိုင်းများ၏ တည်နေရာကို မူလက သန့်စင်သည်ဟု ထင်ခဲ့ရသည့် ဧရိယာများသို့ ရွှေ့ပြောင်းရောက်ရှိစေကောင်း စေနိုင်သည်။ ထို့ပြင် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံပိုင်းတွင် ထိခိုက်ပျက်စီးမှုကြောင့် လူသားချင်းစာနာမှု အကူအညီ ပေးပို့မှုအပေါ် ထပ်မံ အဟန့်အတားဖြစ်စေမည် ဖြစ်သလို မရှိမဖြစ် လိုအပ်သည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကိုလည်း မြင့်တက်စေလိမ့်မည် ဖြစ်သည်။

ရေကြီးမှုကဲ့သို့ ထိခိုက်သက်ရောက်မှုများဒဏ် ခုခံနိုင်စွမ်း အားနည်းသည့် မြန်မာရှိ လူအစုအဖွဲ့များသည် စစ်အုပ်စု ကျူးလွန်သည့် ပြင်းထန်သော အကြမ်းဖက်မှုဒဏ်ကိုလည်း ခံစားထားခဲ့ရသည်။ ဆိုးဝါးသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးစေသော သဘာဝရင်းမြစ် ထုတ်ယူမှုများမှတဆင့် လက်နက်တပ်ဆင်ရန်နှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ ပုဂ္ဂိုလ်‌ရေး ချမ်းသာကြွယ်ဝမှုများအတွက် အကျိုးအမြတ်ကို ထုတ်ယူအသုံးချရန် နိုင်ငံ၏ သဘာဝရင်းမြစ်များကို ဖြုန်းတီးခဲ့သည့် အာဏာကို ငမ်းငမ်းတက်လိုချင်သော မြန်မာစစ်တပ်၏ အမွေအနှစ်တစ်ခုဖြစ်သည့် သဘာဝဘေးဒုက္ခဆိုင်ရာ ကြိုတင်ပြင်ဆင်အရန်အသင့်ရှိမှု ကင်းမဲ့ခြင်းကြောင့် နိုင်ငံတွင် ယင်းကဲ့သို့သော ရာသီဥတု ဖြစ်စဉ်များအပေါ် ခုခံနိုင်စွမ်းအားနည်းခြင်းကို ပိုဆိုးစေသည်ဟု Progressive Voice အဖွဲ့အရ သိရသည်။

မြန်မာသည် ကမ္ဘာပေါ်တွင် ဘေးမကင်းဆုံး နိုင်ငံများအနက် တနိုင်ငံဖြစ်ကြောင်းနှင့် မြန်မာ၏ ခုခံနိုင်စွမ်း အားနည်းမှုက နက်ရှိုင်းသော ကမ္ဘာလုံးဆိုင်ရာ မညီမမျှဖြစ်မှုများကို ထင်ဟပ်နေကြောင်း အဆိုပါအဖွဲ့က ပြောသည်။ ယင်းသည် ၎င်းတို့၏ မြန်ဆန်စွာ ညစ်ညမ်းစေသည့် ဖွံ့ဖြိုးရေး စံပုံစံကို မီးထိုးပေးရန် မြန်မာကဲ့သို့ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများထံမှ လုပ်သားနှင့် ရင်းမြစ်များကို ထုတ်ယူခဲ့သည့် ယူကေကဲ့သို့ ကိုလိုနီအင်အားကြီးနိုင်ငံများအပါအဝင် ရာသီဥတု ပြောင်းလဲမှုကို ဖြစ်စေသည့် ချမ်းသာကြွယ်ဝသော နိုင်ငံများကြောင့် ဖြစ်သည်။

၂၀၂၃ တွင် ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှုအပြင် ကမ္ဘာကြီး ပူနွေးလာခြင်း၊ ကာဘွန်ထုတ်လွှတ်မှု ပမာဏ များပြားခြင်းတို့နှင့်ပတ်သက်ပြီး သံသယရှိခြင်းတို့က ကမ္ဘာကြီးကို ဆက်လက်ထိခိုက်စေသည်။ သို့သော် ယင်း၏ သက်ရောက်မှုများကို ခံစားနေရသည်က မြန်မာကဲ့သို့ နိုင်ငံများရှိ လူအစုအဖွဲ့များပင် ဖြစ်သည်။

မြန်မာပြည်သူများသည် ကမ္ဘာလုံးဆိုင်ရာ လောဘဇောတိုက်မှု၏ ဒဏ်ကို အပြစ်မဲ့ ခံရသူများဖြစ်ရုံတင်မကဘဲ မြန်မာပြည်သူများနှင့် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်အပေါ် ပြသထားသည့် လက်ရှိ တရားမဝင်သော စစ်အုပ်စုနှင့် ယခင် စစ်အုပ်စုများ၏ မထီမဲ့မြင်ပြုမှုတို့က အဆိုပါ မတရားမှုများကို ပိုမို ဆိုးဝါးစေသည်ဟု Progressive Voice က ပြောသည်။

ထို့ပြင် အထမမြောက်သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း နိုင်ငံတွင် သဘာဝ ရင်းမြစ်များကို အမြတ်ထုတ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်းက ပိုမိုများပြားလာခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေ တိုင်းရင်းသားမဟာမိတ်အင်အားစု (ABIPA) က မှတ်တမ်းတင်သကဲ့သို့ပင် “နိုင်ငံတစ်ဝန်းတွင် တရားမဝင်သော သတ္တုတူးဖော်မှုများက တဟုန်ထိုး ပွားများလာခဲ့ပြီး သစ်တောများကို ပျက်စီးစေခြင်း၊ တောင်များကို တူးဖော်ခြင်းနှင့် အနီးပတ်ဝန်းကျင်ရှိ မြစ်ချောင်းများကို ညစ်ညမ်းစေခြင်းတို့ကို ဖြစ်စေလျက် ရှိသည်။

နိုင်ငံတွင် အထူးသဖြင့် ကချင်ပြည်နယ်တွင် အဆိပ်အတောက်ဖြစ်စေသည့် မြေရှားသတ္တုတူးဖော်မှုများ တိုးချဲ့လုပ်ဆောင်နေကြောင်းကို Global Witness အဖွဲ့က မှတ်တမ်းတင်ခဲ့ပြီး ယင်းတိုးချဲ့မှုက အနီးပတ်ဝန်းကျင် မြေနှင့် ရေလမ်းကြောင်းများကို အဆိပ်အတောက်ဖြစ်စေကာ ဒေသခံ အစုအဖွဲ့များနှင့် တောရိုင်းတိရစ္ဆာန်များကို ထိခိုက်စေသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူ့အခွင့်အရေး ခုခံကာကွယ်သူများအနေဖြင့် ၎င်းတို့၏ လူအစုအဖွဲ့များကို စည်းရုံးခြင်း၊ အလျင်အမြန် တိုးချဲ့နေသော သဘာဝရင်းမြစ် ထုတ်ယူမှု စီမံကိန်းများကို ဆန့်ကျင်လျက် ဆန္ဒထုတ်ဖော်၊ အကြံပြုခြင်းအားဖြင့် ၎င်းတို့၏ မြေများ၊ သစ်တောများနှင့် မြစ်ချောင်းများကို ကာကွယ်ရန်၊ ပြည်တွင်း ရင်းမြစ် စီမံခန့်ခွဲမှု စနစ်များကို အားကောင်းစေရန် မည်သို့မည်ပုံ ဆက်လက်လုပ်ဆောင်ထားခဲ့သည် ဆိုသည်ကို ABIPA က မှတ်ချက်ပြုသည်။ ဥပမာအားဖြင့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ မြစ်များနေ့တွင် ကရင်ပြည်နယ်မှ လူ ၇၀၀ ကျော်နှင့် ကချင်ပြည်နယ်မှ လူ ၄၀၀ ကျော်တို့သည် ၎င်းတို့၏ မြစ်များ၊ အထူးသဖြင့် သံလွင်နှင့် ဧရာဝတီမြစ်ကို အကာအကွယ်ပေးရန် နှင့် လူ့ဘဝများ၊ အသက်မွေးဝမ်းကျောင်းများဆိုင်ရာ အဆိုပါ အဓိကကျသည့် ရင်းမြစ်များအပေါ်တွင် ဆည် တည်ဆောက်မှုအားလုံး ရပ်တန့်စေရန် စုဝေးတောင်းဆိုခဲ့ကြသည်။

ထို့ပြင် နွေဦးတော်လှန်ရေးတွင် ပေါ်လာသည့် စိတ်ပိုင်းဖြတ်မှုနှင့်အတူ တစ်ဦးနှင့် တစ်ဦးအပြင် ပတ်ဝန်းကျင်နှင့် ဆက်စပ်နှီးနွယ်သည့် အခြားအစားထိုး လမ်းကြောင်းတစ်ခု တည်ဆောက်လျက်ရှိသည့် အစုအဖွဲ့များလည်း နိုင်ငံတွင် ရှိနေသည်ဟု Progressive Voice က ဆိုသည်။ ၎င်းတို့သည် ခုခံ၊ တုံ့ပြန်နေရုံတင်မကဘဲ အနာဂတ်သစ်နှင့် နိုင်ငံရေးစနစ်သစ်တစ်ခုကို တည်ဆောက်နေသည်။

အဓိက ဥပမာတစ်ခုက ကရင်ပြည်နယ်ရှိ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ် ဖြစ်ပြီး ယင်းက အောက်ခြေ စီမံအုပ်ချုပ်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နှင့် ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်မှုမှတဆင့် ၅,၄၀၀ စတုရန်း ကီလိုမီတာရှိ အကာအကွယ်ပေးထားသည့် ဧရိယာတစ်ခုကို စီမံအုပ်ချုပ်သည့် ဌာနေတိုင်းရင်းသားတို့၏ အစီအစဉ်တစ်ခု ဖြစ်သည်။

ယင်း၏ လမ်းညွှန် စည်းမျဉ်းမူများက သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ရန်နှင့် ယင်းကို အမြတ်ထုတ်ခြင်းထက် ယင်းနှင့် ဆက်စပ်နှီးနွယ်လျက် နေထိုင်ရန် လိုအပ်ကြောင်းကို ထင်ဟပ်ပြသသည်။ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်ကို ထိခိုက်ထားစေခဲ့သော်လည်း ယင်းက ပိုမို ရေရှည်တည်တံ့သော အနာဂတ်တခုနောက် ဆက်လိုက်နေသည်။

နောက်ထပ် အလားတူ ဥပမာတစ်ခုက Tawthi Taw Oo ဌာနေတိုင်းရင်း ဥယျာဉ် ဖြစ်ပြီး ယင်းက တိုင်းရင်းသားများ ၎င်းတို့၏ မြေ၊ သဘာဝနှင့် ဇီဝမျိုးကွဲ ရင်းမြစ်များကို ရေရှည်တည်တံ့စွာ စီမံခန့်ခွဲရင်း ၎င်းတို့၏ ရိုးရာ ယဉ်ကျေးမှုကို လွတ်လပ်စွာ ထိန်းသိမ်း၊ ကျင့်သုံးနိုင်သည့် နေရာတစ်ခု ထူထောင်ရန် ရည်ရွယ်သည်။

မြန်မာသည် ပထဝီဝင်အရ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခုခံနိုင်စွမ်း အားနည်းပြီး မကြာသေးခင်က ရေကြီးမှုကြောင့် ဖြစ်စေသည့် ထိခိုက်မှုပုံစံက ပိုမိုမြင့်တက်လိမ့်မည်ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုကို အများဆုံးဖြစ်စေရန် အကြောင်းဖန်စေခဲ့သည့်၊ ဆက်လက် ပံ့ပိုးလျက် ရှိသည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင် ကာဘွန် ထုတ်လွှတ်မှုများကို လျှော့ချရန်အပြင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုများ၏ အောက်ခြေ၊ ဌာနေတိုင်းရင်း၊ ထိန်းသိမ်းစောင့်ရှောက်မှု အားထုတ်မှုများကို ထောက်ကူပံ့ပိုးရမည့် ကျင့်ဝတ်ဆိုင်ရာ တာဝန်ဝတ္တရားတရပ် ရှိသည်ဟု Progressive Voice က ယုံကြည်သည်။

ယင်းသည် စစ်အုပ်စုအဆက်ဆက်နှင့် လက်ရှိ တရားမဝင်သော စစ်အုပ်စုတို့ကြောင့် ဖြစ်စေသည့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေမှုများနှင့် အမြတ်ထုတ်မှုများကို ဆန့်ကျင်သော နိုင်ငံအတွက် ပိုမို ရေရှည်ခိုင်မြဲသည့် အနာဂတ်တစ်ခုကို ထောက်ကူပံ့ပိုးရာ ရောက်သလို ယင်းက နွေဦးတော်လှန်ရေးတွင် ပေါက်ဖွားလာသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နှင့် ဖက်ဒရယ်လစ်ဇင်ရည်မှန်းချက်များကို ထောက်ကူအားပေးသလို ဖြစ်စေလိမ့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly