စစ်ကောင်စီက အဟောင်းပစ္စည်းလိုက်လံ ဝယ်ယူသူကို ပစ်သတ်ပြီး အလောင်းပြန်မပေး

By ကိုရွှေမြိတ် (မဇ္ဈိမ)
27 August 2023
စစ်ကောင်စီက အဟောင်းပစ္စည်းလိုက်လံ ဝယ်ယူသူကို ပစ်သတ်ပြီး အလောင်းပြန်မပေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ် ၊ ပလမြို့တွင်  သံတို၊ သံစနှင့် အဟောင်းပစ္စည်းများ လိုက်လံဝယ်ယူသူ အမျိုးသား တဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီးနောက် ငါးရက်ကြာသည်အထိ အလောင်းပြန်မပေးကြောင်း သိရသည်။

ပစ်သတ်ခံရသူသည် အသက် ၃၀ ကျော်အရွယ် ဖြစ်ပြီး ၎င်းနေထိုင်ရာ မြိတ်မြို့ ပါရမီရပ်ကွက်မှ ပလမြို့သို့ သွားရောက်ကာ အဟောင်းပစ္စည်းဝယ်ယူစဥ်  ဩဂုတ်လ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က ထိုသို့ ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ 

၎င်းသည် ဘေးတွဲဆိုင်ကယ်ဖြင့် ပလမြို့ ဝေဠုဝန်ဘုန်းကြီးကျောင်း အနီး ရောက်ရှိစဉ်  စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးပြီး ၎င်း၌ ပါလာသည့် ငွေကျပ် ၅ သိန်းကျော်အား  အတင်း အဓမ္မတောင်းယူစဥ် မပေး၍ ထိုသို့ ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ပလမြို့ခံများက ပြောသည်။ 

မိသားစုနှင့် နီးစပ်သူ တစ်ဦးက“သူရဲ့ မိသားစုက အလောင်း ပြန်ရဖို့ အတွက် ကြိုးစားခဲ့ပေမယ့် စစ်တပ်က ပြန် မပေးဘူး ဖြစ်နေတယ်။ နောက်ပြီး သူတို့ဘာသာဝင်တွေရဲ့  ထုံးတမ်း ဓလေ့ အရ မိသားစုဝင်တွေက လုပ်ခွင့် မရဘူး ဖြစ်နေတယ်” ဟု ပြောသည်။

လက်ရှိတွင် ပစ်သတ်ခံရသူ အမျိုးသား၏  မိသားစုဝင်များကို စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း သိရသည်။   ပလမြို့ရဲစခန်း အနီး ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်ကားများ ယခု သြဂုတ်လ တတိယပတ်အတွင်း  မိုင်းဆွဲခံခဲ့ရ၍ စစ်ကောင်စီတပ်က ဝေဠုဝန်ကျောင်းတွင် တပ်သား အင်အား ၁၀ ယောက်ခန့်တပ်စွဲနေကြောင်း ဒေသခံများထံက သိရသည်။ 

၎င်းတပ်သားများသည် ကျေးရွာများအတွင်း ကင်းပုန်းဝပ်ခြင်း၊ ကင်းလှည့်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ နေ့စဥ်လုပ်ဆောင်နေပြီး အရပ်သားငါးဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သေးသည်။ ပုလောမြို့နယ်သည် စစ်အုပ်ချုပ်ရေး သတ်မှတ်ထားသည့် မြို့နယ်လည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly