ထိပ်တန်းသံတမန်ကို နိုင်ငံမှ ထွက်ခွာခိုင်းသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို အရှေ့တီမော ပြစ်တင်ရှုတ်ချ

ထိပ်တန်းသံတမန်ကို နိုင်ငံမှ ထွက်ခွာခိုင်းသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို အရှေ့တီမော ပြစ်တင်ရှုတ်ချ

မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမော၏ အဆင့်မြင့်သံအရာရှိကို နိုင်ငံမှ ထွက်ခွာရန် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း အရှေ့တီမော အစိုးရက ပြောကြားပြီး စစ်ကောင်စီ၏ ထိုလုပ်ရပ်ကို ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပြောဆိုသည်။

အရှေ့တီမောသည် မြန်မာစစ်ကောင်စီကို ကျယ်ကျယ်လောင်လောင် ဝေဖန်သည့် နိုင်ငံတနိုင်ငံလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့သည့် မြန်မာစစ်ကောင်စီက ထိုကိစ္စနှင့်ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုမှု လုပ်ထားခြင်း မရှိသေးသလို ရိုက်တာ၏ မှတ်ချက်တောင်းခံမှုကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက လက်တလော တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

“အရှေ့တီမောအနေဖြင့် မြန်မာတွင် ဒီမိုကရေစီ စနစ် မူလအတိုင်း ပြန်လည်ဖြစ်ပေါ်ရေး ကြိုးပမ်းမှုတိုင်းကို ထောက်ခံအားပေးခြင်း၏ အရေးကြီးမှုကို ထပ်လောင်း ပြောဆိုပြီး မြန်မာပြည်သူများနှင့်အတူ တသားတည်း ရှိကြောင်း ထုတ်ဖော်သလို မြန်မာတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး အပြုသဘောဆောင်သည့် ဖြေရှင်းနည်း ရှာဖွေရေး စစ်ကောင်စီကို တိုက်တွန်းကြောင်း” အရှေ့တီမောအစိုးရက ဩဂုတ် ၂၆ ရက် ညနေပိုင်း ထုတ်ပြန်ချက်တွင် ပြောသည်။

အရှေ့တီမော နိုင်ငံရေးသမားများသည် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ဟောဟောဒိုင်းဒိုင်း ဝေဖန်ထားသလို အရှေ့တီမော၏ သမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာသည်လည်း စစ်အုပ်စုကို ဆန့်ကျင်သည့် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထိပ်တန်းကိုယ်စားလှယ်တဦးနှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံရှိ အရှေ့တီမော၏ သံရုံးတာဝန်ရှိသူများ စက်တင်ဘာ ၁ ရက် နောက်ဆုံးထားထွက်ခွာရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဖေ့ဘွတ်ခ်တွင် ရေးသားသည်။

၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံအများအပြားသည် မြန်မာတွင် သံအမတ်ကြီးများအစား သံရုံးယာယီတာဝန်ခံများကိုသာ ထားရှိသည်။ လက်ရှိအချိန်အထိ မြန်မာစစ်အုပ်စုက သံတမန်များကို နှင်ထုတ် သို့မဟုတ် ငြင်းဆန်ခြင်းက ကြုံတောင့်ကြုံခဲဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required