ဒီးမော့ဆို - ဖရူဆိုလမ်းမကြီးတလျှောက် ၁ လနီးပါးကြာ တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးရွာတချို့ မီးရှို့ခံရ

By 001(မဇ္စျိမ)
27 August 2023
ဒီးမော့ဆို - ဖရူဆိုလမ်းမကြီးတလျှောက် ၁ လနီးပါးကြာ တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးရွာတချို့ မီးရှို့ခံရ
ပုံအညွှန်း - ဖရူဆိုမြို့နယ်ရှိ နေအိမ်တလုံး သြဂုတ်လအတွင်း မီးရှို့ခံထားရမှု မြင်ကွင်း (ဓာတ်ပုံ-KNDF)

ကရင်နီပြည်နယ်၊ ဒီးမော့ဆို - ဖရူဆို လမ်းမကြီးတလျှောက် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြား ဩဂုတ်လ ၂ ရက်နေ့မှ စ၍ ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လမ်းမကြီးဘေးရှိ ကျေးရွာတချို့ မီးရှို့ခံရမှုများရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ထံက သိရသည်။

“တိုက်ပွဲဖြစ်နေတာကတော့ ၂ ရက်နေ့ကစဖြစ်တာပေါ့။ အဲ့ဒီလမ်းကြောင်းပေါ် ရွာတွေဘက်မှာဖြစ်နေတာ။ ဒါပေမဲ့ ဒီနောက်ပိုင်းက ခုနကပြောတဲ့ ထီးပေါ်ဆိုတို့ ဒေါညင်းခူတို့မှာ တိုက်ပွဲပိုပြင်းထန်လာတာပေါ့။ အဲ့ဒီဘက်ကို စစ်ကောင်စီတွေက ရောက်လာတာပေါ့။ အဓိကကတော့ ရှေ့နှစ်ရက်သုံးရက်လောက်စပြီး တိုက်ပွဲပြင်းထန်တဲ့အထဲမှာမှ စစ်ကောင်စီက တောက်လျှောက် အဲ့ဒီရွာထဲမှာရှိတဲ့ အိမ်တွေကို မီးရှို့တာမျိုးလုပ်တယ်”ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးက ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာရှိ နေအိမ်ငါးလုံးနှင့် ဒေါညင်းခူကျေးရွာရှိ နေအိမ် နှစ်လုံး ပျက်စီးခဲ့ကြောင်း KNDF က ဩဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်ရှိ တော်လှန်ရေးပူးပေါင်းတပ်များ၏ ဝိုင်းဝန်းခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှာ အထိနာနေသဖြင့် ပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။

ဒီးမော့ဆိုမှ ဖရူဆိုဘက်သို့ ဦးတည်ပြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်များနှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေသည်မှာ တလနီးပါးကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

“နေ့စဉ်ကတော့ သူတို့ လေကြောင်းသုံးပြီး တိုက်ခိုက်တာမျိုးတွေရှိတယ်။ အဓိကကတော့ တိုက်ပွဲထဲမှာ လာသုံးတာမျိုးပေါ့။ တိုက်ပွဲထဲမှာ လာပြီး ပစ်တာမျိုးတွေ နောက် ဗုံးကြဲတာမျိုးတွေရှိတယ်”ဟု KNDF က ဆိုသည်။

ကရင်နီပြည်နယ်တွင် အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၇၀ ကျော်ပြုလုပ်ထားပြီး  ဘာသာရေးအဆောက်အအုံပျက်စီးမှု ၃၉ လုံးနှင့် လူနေအိမ်ပျက်စီးမှု ၁,၆၀၀ ကျော်ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ကထုတ်ပြန်ထားသည်။

ယခု သြဂုတ်လအတွင်းတွင်လည်း ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာရှိ သနားခြင်းမယ်တော်ဘုရားကျောင်း လေကြောင်းမှ ဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly