PNO ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်မှ ကျည်ဆန် အတောင့် ၅၀၀ နှင့် ငွေကျပ်သိန်း ၉၀ သိမ်းဆည်းရရှိ

By ဂျူချန်း(မဇ္ဈိမ)
26 August 2023
 PNO ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်မှ ကျည်ဆန် အတောင့် ၅၀၀ နှင့် ငွေကျပ်သိန်း ၉၀ သိမ်းဆည်းရရှိ
ပုံစာ- ဦးမောင်ဝင်းနေအိမ်မှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖာမူကျေးရွာတွင်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားသည့် ပအိုဝ်းအမျိုးသားတပ် (PNO/PNA) ခေါင်းဆောင်တဦး၏ နေအိမ်မှ ကျည်ဆန်အတောင့် ၅၀၀ ၊ငွေကျပ် သိန်း ၉၀ သိမ်းဆည်းရရှိခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူထံမှ သိရသည်။

ပင်လောင်း-ဖယ်ခုံ လမ်းမကြီးပေါ်တွင်ရှိသည့် PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်ဝင်း၏ နေအိမ်ကို ဩဂုတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် ဖယ်ခုံ PDF တပ်ရင်း(၂) မှ ဝင်ရောက်စီးနင်းခဲ့ရာ ဦးမောင်ဝင်းကို မတွေ့သဖြင့် နေအိမ်တွင်းရှိ ကျည်ဆန်၊ စကားပြောစက်နှင့် ဆက်ကြေးကောက်ခံထားသည့် ပိုက်ဆံများကို သိမ်းဆည်းခဲ့ကြောင်း  ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။ 

“ဝင်စီးတဲ့အချိန်မှာ သူ့သားပဲ ရှိတော့ သူ့သားကို ဘာမှမလုပ်ခဲ့ဘူးပေါ့နော်။ အဲ့မှာရှိတဲ့ ပိုက်ဆံ သိန်း ၉၀ ရယ်၊ ကျည်အတောင့် ၅၀၀ ရယ်၊ ပြီးတော့ စစ်တပ်သုံး Icon(စကားပြောစက်) တလုံးရယ်ကို ကျနော်တို့ သိမ်းလာတယ်။ ” ဟု ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူက ပြောသည်။

ဝင်ရောက်စီးနင်းချိန်တွင် ဦးမောင်ဝင်းမှာ အစည်းအဝေးတခုသို့ သွားနေသဖြင့် ၎င်းနှင့်အတူ သေနတ်လေးလက်ကိုပါ ယူဆောင်သွားသောကြောင့် သေနတ်ကိုမူ သိမ်းဆည်းရမိခြင်းမရှိခဲ့ကြောင်း သိရသည်။

ဦးမောင်ဝင်းသည် ပအိုဝ်းအမျိုးသားတပ် (PNO/PNA) ပြည်သူ့စစ်တွင် ဗိုလ်ကြီးအဆင့် ရှိသူဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ကျေးရွာများတွင် တအိမ်လျှင် တယောက် စစ်သင်တန်းတက်ရန် စုဆောင်းပေးသူဖြစ်ပြီး လူမပေးနိုင်ပါက ငွေကျပ် ၃၀,၀၀၀ မှ ၆၀,၀၀၀ အထိ ဆက်ကြေးကောက် ပိုက်ဆံစုကာ စစ်တပ်ထံသို့ လက်နက်ဝယ်ပေးရသည့် PNO ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူက ပြောသည်။ 

၂၀၂၂ နှစ်လယ်ပိုင်းမှစတင်ကာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားတပ် (PNO/PNA) နယ်မြေစိုးမိုးသည့် ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့ရှိ ကျေးရွာများအပြင် ရှမ်းတောင်ပိုင်းရှိ ပအိုဝ်းလူမျိုးများနေထိုင်ရာ ကျေးရွာများတွင် တအိမ်တယောက် မဖြစ်မနေ စစ်သင်တန်းတက်ရောက်ရန် တပ်သားစုဆောင်နေပြီး PNO မှ စစ်သင်တန်းပေးနေကြောင်း ဆီဆိုင်မှ ဒေသခံတဦးက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly