မြန်မာနိုင်ငံသို့ ဘေးကင်းပြီး သိက္ခာရှိစွာ ပြန်နိုင်ရေးအတွက် ရိုဟင်ဂျာများ တောင်းဆို 

မြန်မာနိုင်ငံသို့ ဘေးကင်းပြီး သိက္ခာရှိစွာ ပြန်နိုင်ရေးအတွက် ရိုဟင်ဂျာများ တောင်းဆို 

နိုင်ငံရင်း မြန်မာနိုင်ငံသို့ သာတူညီမျှသော နိုင်ငံသားဖြစ်ခွင့်နှင့်အတူ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်နေရသော အတင်းအကြပ် နေရပ်ရွှေ့ပြောင်းလာရသည့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာက သောကြာနေ့တွင် စုရုံးပြီး တောင်းဆိုကြသည်။ 

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အစုပြုံလိုက် ထွက်ခွာရမှု ခြောက်နှစ်မြောက်ပြည့်အဖြစ် အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်က ဒုက္ခသည်စခန်းများအနှံ့ ၎င်းတို့က စုရုံးကြခြင်း ဖြစ်ပြီး ကြေညာစာတမ်းများကိုလည်း ကိုင်ဆောင်ထားကြသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းနီးပါးရှိပြီး အများစုမှာ ၂၀၁၇ ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်၌ စစ်တပ်၏ လူမဆန်သော ဖြိုခွင်းခြင်းများကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။ တောင်ပိုင်း ကော့ဘဇားခရိုင်က လူပြည့်သိပ်သော စခန်းများ၌ အများစုက နေထိုင်နေရဆဲဖြစ်ကာ ခန့်မှန်း ၃၀,၀၀၀ ခန့်အား ၂၀၂၀ နောက်ပိုင်းမှစကာ ဘာဆန်ချာကျွန်းငယ်သို့ ပြောင်းရွှေ့ပေးထားသည်။ 

ယခု စုရုံးမှု၌ ပါဝင်ကြသူများက ရိုဟင်ဂျာမွတ်စလင်များ မျိုးဆက်ချီ နေထိုင်ခဲ့သော ၎င်းတို့၏ နိုင်ငံရင်းဆီ နေရပ်ပြန်ရေး ကာလရှည်ကြာ တောင်းဆိုနေမှုကို မီးမောင်းထိုး ပြသသည်။ 

သို့ရာတွင် မြန်မာစစ်ကောင်စီသည် နေရပ်ပြန်သူများအတွက် ရန်လိုမှုပြုသော အခြေအနေများကို ဆက်လက်ဖန်တီးနေသည်ဟု ၎င်းတို့က စွပ်စွဲကြသည်။  

၂၀၁၇ ဩဂုတ်လအတွင်း မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်ခဲ့မှု အထိမ်းအမှတ်အဖြစ် စုရုံးမှုတွင် အခြားသော ရိုဟင်ဂျာ ရာပေါင်းများစွာနှင့်အတူ ပါဝင်ခဲ့ကြောင်း ကော့ဘဇားရှိ ကူတူပါလောင်ရိုဟင်ဂျာစခန်း၌ နေထိုင်သူ ရိုဟင်ဂျာ အမျိုးသား အဒူလက်ရှ်က Anadolu သတင်းသို့  ဖုန်းမှ ပြောသည်။ 

“လူမဆန်စွာ သတ်ဖြတ်ခံရတဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ ရက်ရက်စက်စက် အဓမ္မ ပြုကျင့်ခံရတဲ့ ကျွန်တော်တို့ရဲ့ အမျိုးသမီးတွေ၊ လူ့ဘီလူးတွေဖြစ်တဲ့ မြန်မာစစ်သားတွေရဲ့ သတ်ဖြတ်ခံရတဲ့ ကလေးတွေနဲ့ မမွေးဖွားသေးတဲ့ မိခင်ဝမ်းထဲက ကလေးငယ်တွေအတွက် ကျွန်တော်တို့ အထိမ်းအမှတ် စုရုံးတာပါ”ဟု ၎င်းက ပြောသည်။ 

လူမျိုးတုံး သတ်ဖြတ်မှုတွင် ပါဝင်သူများအား တရားစွဲတင်ရေးကိုလည်း ၎င်းက တောင်းဆိုပြီး “ကျွန်တော်တို့ တရားမျှတမှုအတွက် တောင်းဆိုတယ်၊ မြန်မာနိုင်ငံဆီ ဘေးကင်းကင်းနဲ့ ကျွန်တော်တို့ ပြန်ချင်တယ်၊ ပြီးတော့ နေရပ်မပြန်ခင် မြန်မာနိုင်ငံသားအဖြစ် တူညီတဲ့ အခွင့်အရေးကိုလည်း တောင်းဆိုတယ်”ဟု ဖြည့်စွက်ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required