လူးဝစ် ရူဘီယာလက်စ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ သူ့ရဲ့အပြုအမူကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ဖို့ ငြင်းဆိုလိုက်ပါတယ်။
အင်္ဂလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီးနောက်မှာ အသက် ၄၆ နှစ်ရှိ ရူဘီယာလက်စ်ဟာ တိုက်စစ်မှူး ဂျနီ ဟာမိုဆိုရဲ့နှုတ်ခမ်းကို နမ်းခဲ့တာပါ။
ဒါ့အပြင် အစောပိုင်းက သူဟာ နောက်ဆုံး ပွဲသိမ်းဝီစီမှုချိန်မှာ အောင်ပွဲခံနေစဉ် ပေါင်ကြားကို ကိုင်ပြီး မဖွယ်မရာပြုလုပ်ခဲ့ပါသေးတယ်။
“ကျနော် နုတ်ထွက်မှာ မဟုတ်ပါဘူး၊ နုတ်ထွက်မှာ မဟုတ်ပါဘူး။ လူမှုရေးအရ လုပ်ကြံမှု ဖြစ်ပွားနေတာပါ။”လို့ သူက အဖွဲ့ချုပ်မှ အရေးပေါ် ခေါ်ယူတဲ့ အထူး အထွေထွေ ညီလာခံမှာ ပြောခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ကြာသပတေးနေ့မှာ သူ့ကို စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ မပြုလုပ်ခင် ရူဘီယာလက်စ်ဟာ နမ်းခဲ့တဲ့အတွက် တနင်္လာနေ့မှာ တောင်းပန်ခဲ့ပါတယ်။
စပိန်ရှိ ကျယ်ပြန့်စွာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရူဘီယာလက်စ်ဟာ သူ့ရဲ့ နုတ်ထွက်မှုကို သောကြောနေ့မှာ ကြေညာမယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီအစား "အဆုံးအထိ တိုက်ပွဲဝင်မယ်"လို့ သူက ဆိုပါတယ်။