ကင်းထောက်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ ၄ ဦးသေဆုံးဟုဆို

By ရွှေနွယ်(မဇ္ဈိမ)
25 August 2023
ကင်းထောက်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ ၄ ဦးသေဆုံးဟုဆို
ပုံအညွှန်း-တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁) မှတပ်ဖွဲ့ဝင်များ(ပုံဟောင်း)(ဓာတ်ပုံ-Bago Region PDF)၆

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ကြို့ပင်ဆိပ်ကျေးရွာတွင် ရိုးမဘက်သို့ ကင်းထောက်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၁) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးကြောင်း ပဲခူးစစ်ဒေသခွဲမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သား ငါးဦးသည် ဩဂုတ်လ၂၃ ရက်နေ့ ‌ညနေ ၃ နာရီခန့်က ဆိုင်ကယ် သုံးစီးဖြင့် ၎င်းတို့အထိုင်ချရာနေရာမှ ရိုးမဘက်သို့ထွက်ခွာလာရာ လမ်းတနေရာတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

"ရိုးမအစပ် သူတို့နယ်မြေထဲမှာပါ ၊ကိုယ့်ဆီကလူတွေက ဆင်းသွားပြီး ချောင်းပစ်တာပါ။ အဲ့နားမှာ သူတို့အထိုင်ချထားတာရှိတယ်။ ကင်းပတ်တဲ့ဆိုင်ကယ်ကိုပစ်တာ။ ဆိုင်ကယ် သုံးစီးကို မီးရှို့ခဲ့တယ်" ဟု တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ကြားဖြတ်တိုက်ခိုက်ရာတွင် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး နေရာတွင်ပင်သေဆုံးကာ MA- 4 ကိုင်ဆောင်ထားသူ စစ်ကောင်စီတပ်သားတဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ယင်းနေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင်မူ စစ်ကောင်စီတပ်ဘက်မှ ကားသုံးစီးဖြင့် စစ်ကူရောက်ရှိလာသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်လာခဲ့ရကြောင်း ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားရာ ကြို့ပင်ဆိပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က အထိုင်ချထားသည်များလည်းရှိသကဲ့သို့ စစ်ကားများဝင်ထွက်သွားလာလေ့ရှိရာနေရာဖြစ်ကြောင်းလည်း သိရသည်။

တောင်ငူထောင်မှ အကျဉ်းကျခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်လာပြီးနောက်တွင် တောင်ငူခရိုင်အတွင်း ပဲခူးရိုးမနှင့်ထိစပ်နေသောနေရာများ၊ ကျေးရွာများ၌ စစ်ကောင်စီတပ်ဖွဲ့များ အင်အားရာနှင့်ချီ၍ တပ်ဖြန့်ချထား၍ ပဲခူးရိုးမအတွင်း ကင်းထောက်ခြင်း စစ်ကြောင်းထိုးခြင်းများရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

လက်ရှိတွင်မူ အဆိုပါတပ်ချထားသည့် စစ်ကောင်စီတပ်သားများထဲမှ အချို့အား ပြန်လည်ခေါ်ဆောင်သွားပြီဖြစ်သော်လည်း ရိုးမဘက်သို့ ကင်းထောက်မှုများ ရှိနေဆဲဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required