စီးပွားရေးဆက်ဆံမှု ခိုင်မာစေရေး အိန္ဒိယနှင့်အာဆီယံ ထပ်လောင်းကတိပြု

စီးပွားရေးဆက်ဆံမှု ခိုင်မာစေရေး အိန္ဒိယနှင့်အာဆီယံ ထပ်လောင်းကတိပြု

အိန္ဒိယနှင့် အာဆီယံတို့သည် ဩဂုတ်လ ၂၁ ရက်က အင်ဒိုနီးရှားနိုင်ငံ ဆီမာရန်းမြို့၌ ပြုလုပ်သော စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် နှစ်ဖက်အဖွဲ့အကြား ဆက်ဆံရေး ခိုင်မာစေရေးနှင့် တိုးမြှင့်ရေးဆိုင်ရာ ကတိကဝတ်များကို အလေးပေးဆွေးနွေးခဲ့ကြောင်း အိန္ဒိယစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ ကူးသန်းရောင်းဝယ်ရေးဌာနမှ တွဲဖက်ဝန်ကြီး ရာဂျက်ရှ် အက်ဂရာဝါလ်သည် အကြိမ် ၂၀ မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အိန္ဒိယကိုယ်စားပြုတက်ရောက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး ဒေါက်တာ ဇူလ်ကီဖလီနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အာဆီယံ ၁၀ နိုင်ငံလုံးမှ စီးပွားရေးဝန်ကြီးများ သို့မဟုတ် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး တီမောလက်စ်တီ ဒီမိုကရက်တစ်သမ္မတနိုင်ငံလည်း လေ့လာသူအဖြစ် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဝန်ကြီးများသည် အိန္ဒိယ-အာဆီယံ နှစ်ဖွဲ့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အထူးသဖြင့် ကိုဗစ်ကပ်ရောဂါကာအလွန်တွင် အာဆီယံ-အိန္ဒိယ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးက နှစ်ဖက်စလုံးအတွက် အဓိပ္ပာယ်ပြည့်ဝသော အကျိုးကျေးဇူးများ ပေးဆောင်နိုင်စေရေးအတွက် အိန္ဒိယနှင့် အာဆီယံအကြား စီးပွားရေး မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေရန်နှင့် တိုးမြှင့်ရန် ၎င်းတို့၏ ကတိကဝတ်များကို အလေးထားဆွေးနွေးခဲ့သည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနှင့် အာဆီယံတို့သည် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၅ ဘီလီယံ ရှိခဲ့ပြီး အာဆီယံနှင့် ကုန်သွယ်မှုသည် အလားတူနှစ်အတွင်း အိန္ဒိယ၏ ကမ္ဘာ့ကုန်သွယ်မှုပမာဏ၏ ၁၁ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။

ယခုနှစ် အစည်းအဝေး၏ အဓိကအစီအစဉ်မှာ ၂၀၀၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော  အာဆီယံ-အိန္ဒိယ ကုန်သွယ်မှုဆိုင်ရာ ကုန်စည်သဘောတူညီချက် (AITIGA) ကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်သုံးသပ်ခြင်း ဖြစ်သည်။ 

ဝန်ကြီးများသည် အာဆီယံ-အိန္ဒိယ စီးပွားရေးကောင်စီ (AIBC) နှင့်လည်း အပြန်အလှန် ဆွေးနွေးခဲ့ပြီး ကွာလာလမ်ပူတွင် ၂၀၂၃ ခုနှစ် မတ်လ ၆  ရက်နေ့ ကျင်းပခဲ့သည့် ၅  ကြိမ်မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေး ထိပ်သီးအစည်းအဝေး အပါအဝင် ၂၀၂၃ ခုနှစ်တွင် AIBC မှ ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်များကိုလည်း  အသိအမှတ်ပြုခဲ့ကြသည်။

ဝန်ကြီးများသည် COVID-19 ကပ်ရောဂါ၏ ဘက်ပေါင်းစုံမှသက်ရောက်မှုများ၊ ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် မတည်ငြိမ်မှုများ၊ ငွေကြေးဖောင်းပွမှုဖိအားများနှင့် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများစသည့် ဒေသတွင်းနှင့် ကမ္ဘာ့စိန်ခေါ်မှုများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ခိုင်မာမှုရှိသော ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ စွမ်းအင်ဖူလုံရေး၊ ကျန်းမာရေးနှင့် ငွေကြေးတည်ငြိမ်ရေးတို့ကို ဦးစားပေး ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများအဖြစ် နှစ်ဖက်စလုံးက သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီးပွားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ AITIGA ပူးတွဲကော်မတီအစည်းအဝေးကို ကျင်းပခဲ့ပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လမ်းပြမြေပုံကို ချင့်ချိန်ဆွေးနွေးကာ AITIGA ပြန်လည်သုံးသပ်ညှိနှိုင်းခြင်း၏ တာဝန် လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းအစီအစဉ်ကို အပြီးသတ်သဘောတူခဲ့ကြသည်။

ဝန်ကြီးများသည် အပြုသဘောဆောင်သော ဆွေးနွေးမှုများအပြီးတွင် သတ်မှတ်ပုံစံများဖြင့် စေ့စပ်ညှိနှိုင်းမှု တရားဝင်စတင်နိုင်ရန် လမ်းခင်းပေးမည့် အထက်ဖော်ပြပါ ပြန်လည်သုံးသပ်ချက်စာတမ်းများကို ထောက်ခံအတည်ပြုခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

AITIGA ၏သုံးသပ်ချက်သည် နှစ်ဦးနှစ်ဖက်ကုန်သွယ်မှုတွင် လက်ရှိမညီမျှချက်ကို ဖြေရှင်းလျက် ကုန်သွယ်မှုကို တိုးမြှင့်ကာ အမျိုးအစားစုံလင်စွာ ကုန်သွယ်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် နောက်ထပ်လမ်းညွှန်မှုများ ပြုလုပ်ရန် ယခု စက်တင်ဘာလဆန်းတွင် ပြုလုပ်မည့် အိန္ဒိယ-အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် AITIGA ပြန်လည်သုံးသပ်မှုဆိုင်ရာဆုံးဖြတ်ချက်ကို ထည့်သွင်းထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

India, ASEAN underscore commitment to strengthen economic ties
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly