မင်းတုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြားဟုဆို

By ပါခွီး (မဇ္စျိမ)
24 August 2023
မင်းတုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြားဟုဆို
Photo - သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး အမှတ်(၄) တပ်ရင်းမှ ရဲဘော်များ

မကွေးတိုင်းဒေသကြီး ၊ မင်းတုန်းမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသောတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သေဆုံးမှုများပြားခဲ့ကြောင်း သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး အမှတ်(၄) တပ်ရင်းက ဩဂုတ်လ ၂၄ရက် ယနေ့တွင်ထုတ်ပြန်သည်။

သရက်မြို့ ကပစ (၁၂) မှ ဩဂုတ်လ ၂၃ရက် နံနက်အစောပိုင်းတွင် ထွက်ခွာလာသည့် အင်းအား ၇၀ပါစစ်ကြောင်းသည် အင်အား၄၀ခန့်ကို ကြို့ဝတွင် နောက်ချန်ထားပြီး ဝင်လာချိန်၌  မင်းတုန်းနယ် ကြို့ဝ နှင့် ရွာသစ်အကြားတွင် မနက် ၈နာရီအချိန်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များ ဝင်ရောက်လာမည်ကို ကြိုတင်ခန့်မှန်းချက်နှင့် အသင့်အနေအထားရှိပြီး ပြည်သူများ၏ သတင်းပေးချက်အရ စောင့်ကြို၍ မိုင်းဆွဲပြီး လက်နက်ကြီးငယ်များဖြင့် နှစ်နာရီနှင့် ၄၀မိနစ်ခန့် ကြာသည်အထိ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီတပ်က ၁၅ယောက်သေဆုံးတာကို တိုက်ပွဲအတွင်း မျက်မြင် တွေ့ရတာပါ ၊ ကျနော်တို့က မိုင်းဆွဲပြီး လက်နက်ကြီးနဲ့ပစ်တယ် ၊ သူတို့ကလည်း နောက်ကနေ လက်နက်ကြီးနဲ့ ပစ်ပေးနေတာရှိတယ် ၊ သေဆုံး များနိုင်တဲ့အချက်က နောက်ကနေ ပစ်ကူတဲ့လက်နက်ကြီက ကျနော်တို့ကို ကျော်ကျတာရှိတယ်၊ သူတို့တပ်ထဲကိုပြန်ကျတာရှိတယ်၊ အဲဒါကြောင့် သေဆုံးများတယ်လို့ခန့်မှန်းတာ” ဟု သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က မဇ္စျိမ ကို ပြောသည်။

နောက်ချန်တပ်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်များသည် ရှေ့မှ တိုက်ခိုက်နေသည့် ၎င်းတို့တပ်အတွင်း ပြန်လည်ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ဦးခန့်သေဆုံးကြောင်း သတင်းပြန်လည်ကြားသိရသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးရှိ ရွာသစ်ကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်သားများ ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်မှ အစားအသောက်နှင့် တန်ဖိုးရှိပစ္စည်းများ ခိုးယူနေပြီး မရှောင်တိမ်းနိုင်သော ဒေသခံ ငါးဦးကို ဖမ်းဆီးစစ်ဆေးရိုက်နှက်နေကြောင်း သိရသည်။

တချိန်ထဲတွင် မင်းတုန်းမြို့နယ် ရင်းကောက်နှင့်ပြောင်းကျေးရွာဖက်၌ စစ်ကောင်စီတပ်သား ၆၀ခန့် စစ်ကြောင်းထိုးလျက်ရှိနေပြီး ရင်းကောက်ကျေးရွာရှိ ဒေသခံများ၏ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ကာ အဖိုးတန်ပစ္စည်းများ ဖောက်ထွင်းယူလျက် ရှိနေကြာင်း သိရသည်။

ဒေသအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်သော စစ်ရေးသတင်းများကို သတိဖြင့် စောင့်ကြည့်ပြီး လိုက်နာဆောင်ရွက်ကြစေလိုကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ကို ရေရှည်တိုက်ပွဲဝင်ရန်အတွက် လိုအပ်သည့် ခဲယမ်းများကို မိဘပြည်သူများအနေဖြင့် အကူအညီပေးကြပါရန် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မေတ္တာရပ်ခံထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required