အင်ဒိုနီးရှားတွင် ဖြိုခွင်းခြင်းများကြောင့် ခွေးသားရောင်းသူများ ရှေ့ရေးအတွက် စိုးရိမ် 

By Al Jazeera
24 August 2023
အင်ဒိုနီးရှားတွင် ဖြိုခွင်းခြင်းများကြောင့် ခွေးသားရောင်းသူများ ရှေ့ရေးအတွက် စိုးရိမ် 
Dog meat is eaten in some parts of Indonesia [Aisyah Llewellyn/Al Jazeera]

Mechio Restaurant ပိုင်ရှင် လီနာဂျင်းတင်းသည် ခွေးသားဟင်းလျာ၊ ခွေးသား အသားကင်နှင့် ခွေးသားစွပ်ပြုတ်ကဲ့သို့သော အစားအသောက်များ ရောင်းချအသက်မွေးပြီး သူ့မ ကလေးနှစ်ဦးကိုပင် ပုဂ္ဂလိကကျောင်း၌ ထားနိုင်နေသူဖြစ်သည်။ 

သို့ရာတွင် လက်ရှိကာလ၌ စားသောက်ဆိုင်အား ၁၂ နှစ်ကြာ ဖွင့်လှစ်လုပ်ကိုင်နေသည့် ဂျင်းတင်းအတွက် သူ၏ ဝင်ငွေတစ်ခုလုံး လက်လွှတ်ရတော့မည်ကို စိုးရိမ်ပူပန်လျက် ရှိလာခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံ၏ အခြားသော အစိတ်အပိုင်းများတွင် ဒေသအာဏာပိုင်များက ခွေးသားရောင်းချခြင်းကို ဖြိုခွင်းခြင်းများ ပြုလုပ်လာခဲ့ရာ ဂျင်းတင်းကဲ့သို့သော စားသောက်ဆိုင် ပိုင်ရှင်များသည် နိုင်ငံတဝန်း ခွေးသားကို မကြာမီ ပိတ်ပင်လာတော့မည်ဟု စိုးရိမ်ပူပန်လျက် ရှိကြသည်။ 

“ကျွန်မရယ်၊ အခြား ခွေးသားရောင်းသူတွေရယ်ဟာ ဒီ ကိစ္စကို ဆွေးနွေးနေကြတယ်၊ တကယ်လို့ ခွေးသားကို တရားမဝင်ဘူး လုပ်လာရင်တော့ မြို့တော်ဝန်ရုံး အပြင်ဘက်မှာ ကျွန်မတို့တွေ ကန့်ကွက်ဆန္ဒပြသွားမှာ ဖြစ်တယ်”ဟု ဂျင်းတင်းက Al Jazeera သို့ ပြောသည်။ 

“ဒီလို တားမြစ်တာမျိုးကို ကျွန်မ လက်မခံဘူး၊ ခွေးသား ရောင်းတာ ခွင့်မပြုတော့ဘူးဆိုရင် ကျွန်မ ဘယ်ကနေ ဝင်ငွေ ရှိတော့မှာလဲ”ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့်လက မြောက်ပိုင်း ဆူလာဝေစီမှ အာဏာပိုင်များသည် တိုမိုဟွန်ဈေးအတွင်း ခွေးနှင့် ကြောင်များအား သတ်ဖြတ်ကာ အသားပေါ် ရောင်းချခြင်းကို တားမြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဈေးမှာ စက်ဆုပ်ဖွယ်ရာ ခရီးသွားလာရောက်ရာ အရပ်နှင့် တိရစ္ဆာန်များအား ရက်စက်ခြင်းများအတွက် မကောင်းသတင်း ကျော်သော ဈေးပဲ ဖြစ်သည်။ 

ခွေးသားရောင်းချခြင်းသည် မလိုလားအပ်သော ရက်စက်မှုနှင့် ခွေးရူးပြန်ရောဂါကို ပြန့်နှံ့စေသည့် ဘေးရှိသည်ဟု တိရစ္ဆာန်အရေး လှုပ်ရှားသူများက နှစ်များစွာ လှုံ့ဆော်လာခဲ့သည့်နောက်တွင် တိုမိုဟွန်မြို့တော်ဝန် ကာရိုးဆန်ဒက်က “အစပျိုး” တားမြစ်ပိတ်ပင်မှုကို ကြေညာလာခဲ့သည်။ 

အခြားသော ဒေသများမှ အာဏာပိုင်များကလည်း အလားတူ အစီအစဉ်များကို ကြေညာပြီး လက်ရှိတွင် ဂျကာတာက တာဝန်ရှိသူများသည် ခွေးသားအရောင်းအဝယ်ကို ဥပဒေမဲ့အဖြစ် ပြဋ္ဌာန်းရန် စိုင်းပြင်းလျက် ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly