ဖရူဆိုတွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဒရုန်းဖြင့်ဗုံးကြဲမှုကြောင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ

By 001(မဇ္စျိမ)
24 August 2023
ဖရူဆိုတွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဒရုန်းဖြင့်ဗုံးကြဲမှုကြောင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ
Photo - ဖရူဆို အရှေ့ခြမ်းတွင် ဩဂုတ်လ ၂၃ ရက်နေ့ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်ကွင်း (KNDF)

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတရွာအား စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ဩဂုတ်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။

ဩဂုတ်လ ၂၃ ရက်နေ့က စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းဖက်မှနေ၍ အဆို ပါကျေးရွာအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်၊ ကိုးနှစ်နှင့် ရှစ်နှစ်အရွယ် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိ ခဲ့ပြီး ကျေးရွာအတွင်းမှ နေအိမ်တလုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ကလေးတွေက အိမ်နားမှာ သူ့ဟာသူဆော့နေကြတာ။ အဲဒီအချိန်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချ တယ်။ ကလေးတွေအနားမှာ ကျပေါက်ပြီးတော့ ထိသွားတာ။ တယောက်က နည်းနည်းလေးစိုးရိမ်ရတယ် ဗျ။ ဗုံးစက တင်ပါးထဲအထိဝင်သွားတော့ နည်းနည်းလေးစိုးရိမ်ရတဲ့အနေအထားရှိတယ်” ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ များသို့ မကြာခဏ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများပြုလုပ်ပြီး အရပ်သားများအား ရန်သူသဖွယ်ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူး လွန်လျက်ရှိကြောင်း KNDF က ဆိုထားသည်။

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလည်း လုပ်ဆောင်နေပြီး ဩဂုတ် လ ၂၃ ရက်နေ့ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ တိုက်ပွဲနှင့်မသက်ဆိုင်သည့် နေရာတခု ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း KNDF ထံမှ သိရသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့ များအကြား ဩဂုတ်လ ၂ ရက်မှစပြီး ယနေ့ ၂၄ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly