အိုးပုတ်ခိုးပွဲတော်ဟု လူသိများကျော်ကြားသည့်ပွဲတော်ကို ဩဂုတ် ၂၄ရက်တွင် မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ အိုးဘိုးရပ်ကွက်တွင် ပြုလုပ်ကြောင်း သိရသည်။
ထိုအိုးပုတ်ပွဲကို ယခင်က နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သော်လည်း ကိုဗစ်ကြောင့် ရပ်ထားခံထားရပြီး ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်၍ တနှစ်မှာ တလ၊ တလမှာ တရက်၊ တရက်မှာ ညနေပိုင်း တပိုင်းသာ ကျင်းပသည့်ပွဲတော်လည်း ဖြစ်သည်။
ရှေးယခင်က တောင်ပြုံးမင်းနှစ်ပါးပွဲတော် အကြိုအနေဖြင့် အိုးပုတ်ခိုးပွဲတော်ကို အပျော်အနေဖြင့် ပြုလုပ်ခဲ့ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် အိုးပုတ်ခိုးပွဲတော်အစား အိုးပုတ်ပွဲတော်ဟု ပြောင်းလဲ ကျင်းပခဲ့သည်။
ယခင်က လာရောက်လည်ပတ်ကြသူများက အပျော်အနေဖြင့် အိုးပုတ်ခိုးကြသည်။ စျေးသည်များကလည်း ထိုသို့ တခု နှစ်ခု အပျော်ခိုးကြသည်ကို လက်ခံခဲ့ကြသည်။ နောက်ပိုင်းတွင် အပျော်အနေဖြင့် မဟုတ်တော့ဘဲ ခိုးယူမှုများရှိခြင်းကြောင့် အိုးပုတ်ပွဲတော်ဟု ကျင်းပခြင်းဖြစ်သည်။
အိုးပုတ်ပွဲတော်သို့ လာရောက်လည်ပတ်သူများသည် မန္တလေးမြို့ အနီးပတ်ဝန်းကျင်က အများစုဖြစ်သည်။ ထိုပွဲတော်ကို ညနေပိုင်း၌သာ ပြုလုပ်သော်လည်း ယခုနှစ်တွင် မွန်းလွဲ ၂နာရီခန့်မှစတင်၍ စည်ကားနေပြီး ပွဲတော် ကျင်းပရာ လမ်းတလျှောက်တွင် အိုးပုတ်သည်များအပြင် လောင်းကစားဝိုင်းများလည်း ရှိသည်။
ယခုပွဲတော်တွင် ရောင်းချလျှက်ရှိသည့် စျေးသည်အများစုသည် ပွဲတော်ပြီးသည်နှင့် တောင်ပြုံးပွဲတော်သို့ သွားရောက် ရောင်းချကြမည်ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)