ပြုပြင်ပြောင်းလဲရေး ၄ နှစ်တာကို ဖော်ဆောင်မည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ကတိပေး

ပြုပြင်ပြောင်းလဲရေး ၄ နှစ်တာကို ဖော်ဆောင်မည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ကတိပေး
Thailand's new prime minister, Srettha Thavisin, talks to journalists after receiving royal endorsement for the post. Photo: AP

ထိုင်းနိုင်ငံတွင် ယခင် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် စစ်တပ်လိုလားသော ပါတီများပါ ပါဝင်သော အငြင်းပွားဖွယ် ညွန့်ပေါင်းအဖွဲ့၏ အကြီးအကဲအဖြစ် ဝန်ကြီးချုပ်သစ်က ထိုင်းဘုရင့်တိုင်းပြည်အား ပြုပြင်ပြောင်းလဲရေး လေးနှစ်တာကို ဖော်ဆောင်သွားမည်ဟု ဗုဒ္ဓဟူးနေ့တွင် စိတ်ပိုင်းဖြတ် ပြောဆိုသည်။

ဘီလျှံနာသူဌေးကြီးတဦးဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာနှင့် ကာလရှည် နှီးနှောမှုရှိသော ဖျူထိုင်းပါတီမှ အိမ်ခြံမြေလုပ်ငန်းရှင်ဟောင်း ဆာရတ်သာ သာဗီဆင်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရခြင်းက မေလ အထွေထွေရွေးကောက်ပွဲနောက် နိုင်ငံရေး သောင်မတင်ရေမကျ ဖြစ်နေသည့် လများကို အဆုံးသတ်သွားစေခဲ့သည်။

အသက် ၆၁ နှစ်အရွယ် ဆရတ်သာအား အင်္ဂါနေ့က လွှတ်တော်၏ မဲပေးမှုဖြင့် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းမတိုင်မီ နာရီပိုင်း၌ သက်ဆင်သည် ၁၅ နှစ်တာ ပြည်ပြေးနေရာမှ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ချက်ချင်းပင် လာဘ်စားမှု အမှုဟောင်းဖြင့် ထောင်ဒဏ်ချမှတ် ခံရသည်။

ဆရတ်သာသည် ဘုရင် မဟာဝါဇီရာလောင်ကွန်းထံမှ အစိုးရဖွဲ့ရေး တရားဝင်ညွှန်ကြားလွှာအား ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် ဖျူထိုင်းပါတီ ရုံးချုပ် အခမ်းအနား၌ လက်ခံရရှိသည်။

“နိုင်ငံ ကောင်းမွန်ဖို့က ကျွန်တော်ရဲ့ ထိပ်တန်းဦးစားပေးဖြစ်တယ်၊ လာမယ့် လေးနှစ်မှာ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်မယ်လို့ ကျွန်‌တော် ယုံကြည်တယ်”ဟု တော်ဝင်ခန့်အပ်လွှာကို လက်ခံပြီးနောက် ဆရတ်သာက ပြောပြီး “မမောမပန်းဘဲ” တာဝန် ထမ်းဆောင်သွားမည်ဟု ကတိပြုသည်။

“ထိုင်းပြည်သူအားလုံး သာတူညီမျှစွာ ပျော်ရွှင်ချမ်းမြေ့ရေးနဲ့ လူငယ်မျိုးဆက်တွေအတွက် ထိုင်းနိုင်ငံကို မျှော်လင့်ချက် မြေခံအဖြစ် ဖန်တီးသွားဖို့ ဖျူထိုင်းပါတီရဲ့ အစိုးရအနေနဲ့ ပင်ပင်ပန်းပန်း စွမ်းဆောင်သွားပါမယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖျူထိုင်းပါတီ အစိုးရအား ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းမှု၌ စစ်တပ်အကြီးအကဲဟောင်း ရာထူးမှ ဆင်းပေးရတော့မည့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဆရတ်သာအား ချီးကျူးဂုဏ်ပြုပြီး ကံကောင်းစေကြောင်း ဆုတောင်းပေးခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly