ရေဦးမြို့နယ် ကျောက်တိုင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး

By လွှမ်းမိုး(မဇ္ဈိမ)
24 August 2023
ရေဦးမြို့နယ် ကျောက်တိုင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ် ၊ အောင်သာပျူရွာမှ ရိက္ခာရှာ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်သား သုံးဦးသေဆုံးကာ ပျူစောထီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) စေတန် တပ်ခွဲထံမှ သိရသည်။

အဆိုပါ တိုက်ပွဲသည် ဩဂုတ်လ ၂၂ ရက် နေ့လယ် ၂ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး မိနစ် ၄၀ ခန့်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း စေတန်တပ်ခွဲမှူးက ပြောသည်။

“ စစ်သားနှင့်ပျူ အင်အား ၂၀ လောက်ကို သာလွန်အင်အားနဲ့ ချုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မျက်မြင် စစ်သား သုံးဦးသေဆုံးပြီး ပျူစစ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ် “ ဟု ၎င်းတပ်ခွဲမှူးက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း အောင်သာပျူကျေးရွာမှ ၆၀ မမ လက်နက်ကြီးများ ၊ စက်လတ်များဖြင့် ပစ်ကူပေးခဲ့သည့်အတွက် ဒေသကာကွယ်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MRDA စေတန်တပ်ခွဲ ၊ ကန့်ဘလူ ခရိုင် ပ.က.ဖ ၊TGYR ၊ ဗေဒါကြီး အဖွဲ့နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အောင်သာ ပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့များ၏ ရန်ကြောင့် ၎င်းကျေးရွာနှင့်နီးစပ်သည့် ကျောက်တိုင်ကျေးရွာမှ ဒေသခံပြည်သူများ စစ်ရှောင်နေရကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly