အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်တဲ့ရာဇဝတ်မှုများကို တရုတ် မြန်မာ လာအို ထိုင်း ၄ နိုင်ငံပူးတွဲချေမှုန်းမည်ဟုဆို

အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်တဲ့ရာဇဝတ်မှုများကို တရုတ် မြန်မာ လာအို ထိုင်း ၄ နိုင်ငံပူးတွဲချေမှုန်းမည်ဟုဆို

မြန်မာနိုင်ငံအခြေစိုက် ဆိုင်ဘာရာဇဝတ်မှုဂိုဏ်းတွေကိုချေမှုန်းဖို့ တရုတ်က ထိုင်း၊လာအိုတို့နဲ့ အလုပ်အတူလုပ်မယ်လို့ ပြောလိုက်တယ်လို့ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးက သတင်းထုတ်ပြန် လိုက်ပါတယ်။

ထိုင်းနဲ့လာအိုသံအမတ်ကြီးတွေနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်း Chen Hai က အင်္ဂါနေ့က ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်လိုက်တာပါ။ 

မြန်မာနိုင်ငံမှာ ပျံ့နှံ့နေတဲ့ အွန်လိုင်း လောင်းကစားတွေနဲ့ လိမ်လည်မှုတွေဟာ အများပြည်သူရဲ့ အသက်နဲ့ အိုးအိမ်ဥစ္စာတွေကို အလွန်အမင်း ထိခိုက်ပျက်စီးစေတာကြောင့် အလိမ်ခံရသူတွေကို ရှာဖွေကယ်တင်ပြီး လောင်းကစားဂိုဏ်းတွေကို ချေမှုန်းရာမှာ အထောက်အကူပြုဖို့ မြန်မာစစ်ကောင်စီနဲ့ ကြိုးစားပေါင်းစပ်ညှိနှိုင်းမယ်လို့ ကြေညာချက်က ပြောထားပါတယ်။

အွန်လိုင်းလိမ်လည်နေသူတွေနဲ့ လူကုန်ကူးမှုကျူးလွန်သူတွေကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေက တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့က  ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးအပြီး ကြေညာချက်ထွက်လာတာလို့ တရုတ်နိုင်ငံအခြေစိုက် South China Morning Post သတင်းက ဖော်ပြပါတယ်။

ဆိုင်ဘာ ရာဇဝတ်မှုဂိုဏ်းတွေကို စုံစမ်း ချေမှုန်းနိုင်ဖို့အတွက် နိုင်ငံ ၄ နိုင်ငံ က ပေါင်းစပ်ညှိနှိုင်းရေးဌာနတခုကို ချင်းမိုင်မှာ ဖွင့်လှစ်မှာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့ မြန်မာ-ထိုင်းနယ်စပ် ရွှေကုက္ကိုဒေသ၊ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ ဝတပ်ဖွဲ့ UWSA ထိန်းချုပ်တဲ့ မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်ဒေသက ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကောင်ဒေသတွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားနေတာပါ။

မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေဟာ တရုတ်-ထိုင်း-မြန်မာ-လာအိုနိုင်ငံသားတွေအပြင် အာဆီယံဒေသတွင်းနိုင်ငံကသူတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာဖမ်းမိတဲ့ အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှု ဂိုဏ်းခေါင်းဆောင်အပါအဝင် တရုတ်နိုင်ငံသား နှစ်ဦးကို စစ်ကောင်စီ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ ရန်ကုန်လေဆိပ်ကတစ်ဆင့် သြဂုတ်လ ၂၃ ရက် မနက်ပိုင်းမှာ လွှဲပြောင်းပေးခဲ့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၄ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦးကို ရန်ကုန်မြို့ကနေ အင်ဒိုနီးရှားနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

အလားတူ ဒီနှစ်ဇွန်လအတွင်းမှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်း ကျူးလွန်တယ်ဆိုတဲ့ တရုတ်နိုင်ငံသား ခြောက်ဦးကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly