ဒီမိုကရေစီမကျတဲ့ ဒီမြင်ကွင်းမျိုး မမြင်ချင်တော့ပါ

ဒီမိုကရေစီမကျတဲ့ ဒီမြင်ကွင်းမျိုး မမြင်ချင်တော့ပါ

ဧပြီ ၅ ပြည်သူ့လွှတ်တော် အဆုံးသတ်ခါနီးမြင်ကွင်းသည် အကျည်းတန်လွန်းသည်။ စစ်တပ် ကိုယ်စားလှယ်များ၏ ဒီမိုကရေစီမကျသော၊ လွှတ်တော်ထုံံးပုံမဆန်သော၊ စစ်ရေးစစ်မာန်စစ်ဟန်များ သော ရုပ်ဆိုးအကျည်းတန်သည့် အမူအကျင့်များကို တတိုင်းတပြည်လုံးသို့ ရုပ်သံမြင်ကွင်းများမှ တဆင့် တိုက်ရိုက်ထုတ်ဖော် လှစ်ဟပြလိုက်သောကြောင့် ဖြစ်သည်။ ပြည်သူအများစုအား တစ်နည်း အားဖြင့် စော်ကားမော်ကားပြုခြင်းလည်း ဖြစ်သည်။

လွှတ်တော်မြင်ကွင်းကို ရှင်းလင်းစေရန် ဤတွင် ဖော်ပြအပ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုပြီးနောက်   ပြည်သူ့လွှတ်တော်သို့ ပေးပို့လာသည်ကို ပြည်သူ့လွှတ်တော်တွင် ဧပြီ ၅ က ဥပဒေကြမ်းပါ သဘောမညီသော အပိုဒ်များကို တပိုဒ်ချင်း ပြင်ဆင်၊ ဆွေးနွေး၊ ချေပကြပြီး မဲခွဲဆုံးဖြတ်ကြသည်။ 

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီသည် တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးဖြစ် ရာ ၂၀၁၆ တွင် ပေါ်ပေါက်လာသော လွှတ်တော်များမှာလည်း အင်န်အယ်လ်ဒီလွှတ်တော်များ ဖြစ်သည့်အတိုင်း မဲခွဲအဆုံးအဖြတ်ပြုတိုင်း စစ်တပ်ကိုယ်စားလှယ်များ၏ ပြင်ဆင်ရန် တင်ပြချက်များ သည် အရာမထင်ဘဲ ရှုံးနိမ့်ခဲ့သည်။

စစ်တပ်ကိုယ်စားလှယ်များက ဒီမိုကရေစီကို နားမလည်ကြပါ၊ လွှွှတ်တော်အစည်းအဝေးအပြီး မီဒီယာနှင့် တွေ့ဆုံမှုတွင် ဒီမိုကရေစီ အနိုင်ကျင့်ခံရသည်ဟု ပြောသည်။ ဒီမိုကရေစီဆိုသည်မှာ လူနည်းစု အခွင့်အရေးကို လေးစား၍ လူများစု၏ ဆုံးဖြတ်ချက်ကို လိုက်နာရခြင်းဖြစ်သည်။ ငါတကော ကော၍ မရပါ။ စစ်တပ်ကိုယ်စားလှယ်များ၏ ဧပြီ ၅ ဆောင်ရွက်ချက်များသည် ဒီမိုကရေစီထုံးပုံကျ မဟုတ်ဘဲ ငါတကော ကောလိုပုံရသည်။

မဲခွဲလျှင် ရှုံးနိမ့်မည်ကို သိထားနှင့်သော စစ်တပ်ကိုယ်စားလှယ်များက လွှတ်တော်သို့ ၎င်းတို့ ပြင်ဆင်တင်ပြသည်များကို မထောက်ထားဘဲ မဲခွဲဆုံးဖြတ်မည်ဆိုလျှင် မိမိတို့ မဲမပေးပါဟု ဆိုကြလေ သည်။ တကယ်တမ်းတွင်လည်း မဲမပေးခဲ့ပါ။ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တွင်း ဥပဒေနှင့်အညီ လွတ်လပ်စွာ ပြောဆိုဆွေးနွေးနိုင်ပြီး၊ မဲခွဲဆုံးဖြတ်ရန် လိုအပ်ချိန်တွင် မဲပေးကြရ မည်ဖြစ်သော်လည်း စစ်တပ်ကိုယ်စားလှယ်များက ရှုံးမည်ဆိုသောကြောင့် မဲမပေးပါဟု သဘော သက်ရောက်သည့် အပြုအမူကို လက်တွေ့မျက်တွေ့ ဆောင်ရွက်ကြသည်။

နောက်ဆုံးတွင် လွှတ်တော်အကြီးအမှူးဖြစ်သော လွှတ်တော်ဥက္ကဋ္ဌကိုပင် မထီမဲ့မြင်ပြုသော အပြုအမူများကို လုပ်ကိုင်ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတခုလုံးကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သကဲ့သို့ပင် ပြင်ဆင်ချက်မရှိဘဲ ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုလိုက်သည်ဟု ကြေညာပြီးချိန်တွင် စစ်တပ်ကိုယ်စားလှယ်များသည် အချိန်အတန်ကြာ အုပ်စုလိုက် မတ်တပ်ရပ်ပြီး လွှတ်တော်ဥက္ကဋ္ဌအား ကြီးစွာသော စိတ်အနှောင့်အယှက်ကို ဖြစ်စေ ခဲ့သည်။ လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ရှင်းပြခဲ့ပြီး၊ ထိုင်ပါဟု နှစ်ကြိမ်တိုင်တိုင် ပြောဆိုခဲ့ရသည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၃ (ဂ) တွင် "လွှတ်တော် အစည်းအဝေးခန်းမ၌ဖြစ် စေ၊ လွှတ်တော်ပရဝုဏ် အတွင်း၌ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်တဦးအား ကိုယ်ထိလက်ရောက် ပြုခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း မပြုရ" ဟု ဖော်ပြထားပြီး၊ ယင်းတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု အတိအလင်း ဖော်ပြထားပါသည်။

စစ်တပ်ကိုယ်စားလှယ်များသည် လွှတ်တော်တွင်းသို့ ပြည်သူ့ထောက်ခံမှုလည်း မပါ၊ ပြည်သူ့ ရွေးချယ်မှုလည်း မရှိဘဲနှင့် ရောက်ရှိနေသူများ ဖြစ်ပါသည်။ လွှတ်တော်ကို မဲဆန္ဒရှင်ပြည်သူလူထု၏ ရွေးချယ်မှုဖြစ်သော ရွေးကောက်ပွဲမှတဆင့် တက်လာကြသည့် ပြည်သူ့ကိုယ်စားလှယ်စစ်စစ် အများစု ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ ယင်းလွှတ်တော်ကို လွှတ်တော် အကြီးအမှူးဖြစ်သူ လွှတ်တော်ဥက္ကဋ္ဌက စီမံခန့်ခွဲခြင်း ဖြစ်သည်။ လွှတ်တော်နှင့် လွှတ်တော်ဥက္ကဋ္ဌကို မထီမဲ့မြင်ပြုခြင်း၊ စော်ကားခြင်းသည် ပြည်သူများကို မထီမဲ့မြင်ပြုခြင်း၊ စော်ကားခြင်းသာဖြစ်သည်။ သို့ဆိုလျှင် ပြည်သူလူထု၏ ဒဏ်ခတ် ခြင်းကို ခံရပေလိမ့်မည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ၏ လာရာကို ပြန်ကြည့်မည်ဆိုလျှင်လည်း ပြည်သူ့ဆန္ဒမပါဘဲ စစ်အာဏာရှင်များက စိတ်ကြိုက်အချိန်ယူ ရေးဆွဲခဲ့ပြီး၊ အဓမ္မအနိုင်ကျင့် ပြဋ္ဌာန်း ထားခြင်းဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ဖြင့် ရွေးကောက်ပွဲတွင် တောင်ပြို ကမ်းပြို အနိုင်ရခဲ့သော အနိုင်ရပါတီအင်န်အယ်လ်ဒီ ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို သမ္မတဖြစ်ခွင့် မပြုသဖြင့် ယင်းမတရားသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၂၁၇ ကို အရအမိ တန်ပြန်သုံးခဲ့ခြင်းသာဖြစ်သည်။

လွှတ်တော်ဆိုသည်မှာ ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ် များက ဉာဏ်ကြီးကြီး၊ နှလုံးရည်မြင့်မြင့်နှင့် လူထုအကျိုးအတွက် ဥပဒေများ ပြဋ္ဌာန်း၊ ပြင်ဆင်၊ ပယ်ဖျက် ဆောင်ရွက်ကြရခြင်းဖြစ်သည်။ တခြားတဖက်တွင် လူထုအစိုးရကို ထိန်းကျောင်း တည့်မတ် ရသည်။ ပြည်သူများသည် ပြည်ကျိုးထမ်းသူများကိုသာ ရွေးချယ်တာဝန်ပေးအပ်ပြီး "ပြည်သူ့အသံ၊ လွှတ်တော်အသံ" ပီစေချင်ပါသည်။ ပြည်သူနှင့်ဆန့်ကျင်ဘက်ပြုပြီး ပြည်သူ့ကိုယ်စားလှယ်များကို စော်ကားသူများကိုကား မတွေ့မမြင်လိုကြပါ။ ဒီမိုကရေစီ မကျသော ရုပ်ဆိုးအကျည်းတန် မြင်ကွင်း မျိုးများအား ပြည်သူများက ထပ်မမြင်လိုတော့ဟု မဇ္ဈိမက ယူဆသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly