အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား အလားအလာကောင်းသော အမေရိကန်သမ္မတလောင်းဖြစ်ကြောင်း အီလွန်မက်စ်ခ် ပြောကြား 

အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား အလားအလာကောင်းသော အမေရိကန်သမ္မတလောင်းဖြစ်ကြောင်း အီလွန်မက်စ်ခ် ပြောကြား 

အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ရီပါပလစ်ကန်ပါတီတွင်း ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ပ်နှင့် ယှဉ်ပြိုင်မည့် အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား လွှတ်တော်အမတ် ဗစ်ဗက် ရာမဆွာမိအား အီလွန်မက်စ်ခ်က ချီးကျူးခဲ့ပြီး ၎င်းသည် အလွန်အလားအလာကောင်းသည့် သမ္မတလောင်းတစ်ယောက်ဖြစ်ကြောင်း ဩဂုတ် ၁၈ ရက်တွင် ပြောဆိုလိုက်သည်။ 

နာမည်ကြီး သတင်းထောက် တက်ကာကာလ်ဆင်နှင့် ရာမဆွာမိတို့၏ အင်တာဗျူးကို ရည်ညွှန်း၍ "ရာမဆွာမိဟာ အလွန်အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်ပါ" ဟု အီလွန်မက်စ်ခ်က X (ယခင် Twitter) လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။  

ထို့ပြင် ရာမဆွာမိ၏ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အစီအစဉ်သည် လွန်စွာ ရိုးရှင်းသည်။ တရုတ်သည် အမေရိကန် ရင်ဆိုင်နေရသော အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ကြောင်းနှင့် မိမိ အာဏာရလာပါက ၎င်းနှင့် ဆက်ဆံရေးမှန်သမျှ လုံးဝ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း ရာမဆွာမိက ပြောကြားခဲ့သည်။  

၎င်းအနေဖြင့် ပစိဖိတ်ဒေသအတွင်း ကုန်သွယ်မှုသို့ ပြန်လည် ခြေစုံပစ်ဝင်ရောက်ပြီး  အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့သော နိုင်ငံများနှင့် ကုန်သွယ်မှု ဆက်ဆံရေး ထူထောင်ရန် ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့သည်။ 

“ရှီကျင့်ဖျင်ဟာ အာဏာရှင်တစ်ယောက်ဖြစ်ပြီး တရုတ်ဟာ အမေရိကန် ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ တရုတ်အပေါ် စီးပွားရေးအရ မှီခိုမှုကင်းနိုင်မည့် နည်းလမ်းကို အတိအလင်းကြေညာတဲ့ ကိုယ်စားလှယ်လောင်းဆိုလို့ မိမိတစ်ယောက်တည်း ရှိမယ်ထင်ပါတယ်။ ဒါဟာ မိမိတို့ မူဝါဒရဲ့ ကနဦးခြေလှမ်းဖြစ်ပါတယ်” ဟု အစောပိုင်းက Fox News သတင်းဌာနနှင့် အင်တာဗျူးတွင် ရာမဆွာမိက ပြောကြားခဲ့သည်။  

တရုတ်နှင့်ဆက်ဆံရေး လုံးဝ ဖြတ်တောက်ပြီး အမေရိကန်ကုမ္ပဏီ အများစုကို တရုတ်တွင် စီးပွားရေး လုပ်ကိုင်ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ 

အသက် ၃၇ နှစ်အရွယ် လွှတ်တော်အမတ် ရာမဆွာမိသည် အိုဟိုင်းယိုးပြည်နယ် စင်စင်နာတီမြို့တွင် ကြီးပြင်းခဲ့ပြီး ၎င်း၏ မိဘများသည် အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်မှ အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းလာခဲ့ကြသူများ ဖြစ်သည်။   

၎င်းသည် လာမည့်နှစ် ဇန်နဝါရီလတွင် ပြုလုပ်မည့် ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲတွင် နစ်ကီဟာလေနှင့် ဟာ့ရှ် ဗာဒန်ဆင်းတို့နည်းတူ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်နှင့် ယှဉ်ပြိုင်မည့် တတိယမြောက် အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ဖြစ်သည်။  

ရာမဆွာမိသည် ဟားဗတ်တက္ကသိုလ်တွင် ဘွဲ့ကြိုတန်း တက်ရောက်ခဲ့ပြီး ယေးလ်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သည်။ ၎င်းသည် "Woke, Inc: Inside Corporate America's Social Justice Scam" စာအုပ်ကို ရေးသားခဲ့သူဖြစ်သည်။  

ဒုတိယမျိုးဆက် အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ရာမဆွာမိသည် Roivant Sciences ကုမ္ပဏီကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် နှင့် ၂၀၁၆ ခုနှစ်တို့တွင် ဇီဝနည်းပညာ ရှယ်ယာများကို အများပြည်သူသို့   အများဆုံးရောင်းချနိုင်ရန် ဦးဆောင်နိုင်ခဲ့ကာ နောက်ပိုင်းတွင် FDA ခွင့်ပြုချက်ရ ထုတ်ကုန်များကို ထုတ်လုပ်နိုင်သည်အထိ ရောဂါနယ်ပယ်များစွာတွင် လက်တွေ့စမ်းသပ်မှုများ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly