ကုလအနေဖြင့် မြန်မာဆိုင်ရာ ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်လည်သုံးသပ်ရမည်

By Chris Gunness
23 August 2023
ကုလအနေဖြင့် မြန်မာဆိုင်ရာ ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်လည်သုံးသပ်ရမည်
Relief food commodities stockpiled at WFP warehouses in Rakhine State. Photo: WFP

ကုလသမဂ္ဂ အဖွဲ့အစည်း၌ ကျွန်ုပ် ထမ်းဆောင်လုပ်ကိုင်ခဲ့သည့် လုပ်ငန်းသက်တမ်းအတွင်း ကျွန်ုပ်သည် လူအစုအပြုံလိုက် သတ်ဖြတ်ခံရမှုများ ဖြစ်ပွားနေကျ နေရာများနှင့် လူအချင်းချင်း လူမဆန်၊ ရက်စက်မှု သင်္ကေတများအဖြစ် သမိုင်းတွင်ရစ်မည့် နေရာများတွင် လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် အစောပိုင်း စစ်အတွင်းက ဘော်လ်ကန်ဒေသ၊ ၂၀၀၆ မှ ၂၀၂၀ အထိ ဂါဇာ၊ အနောက်ဘက်ကမ်းနှင့် ဆီရီးယား တို့တွင် ကျွန်ုပ် တာဝန်ထမ်းဆောင်ခဲ့ရသည်။

ထိုကာလများအတောအတွင်း ကျွန်ုပ်သည် ကျွန်ုပ်တို့ ခေတ်ကာလ၏ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံး ပြစ်မှုများ၏ တချို့ကို နေ့စဉ်နှင့်အမျှ မျက်မြင်တွေ့ရှိ၊ အစီရင်ခံသည့် အဖွဲ့အစည်းတခု၌ အဖွဲ့ဝင်တဦး ဖြစ်ခဲ့သည်။ ၁၉၉၅ ခုနှစ် Srebrenica ဒေသအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ၂၀၁၂ ခုနှစ်တွင် စခဲ့သည့် Yarmouk ဝန်းရံတိုက်ခိုက်မှုနှင့် လူပြည့်သိပ်နေသော ကုလ စာသင်ကျောင်းများအပေါ် တိုက်ခိုက်မှုများ အပါအဝင် ဂါဇာကို အစ္စရေးက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတို့ ဖြစ်သည်။

ထောင်နှင့်ချီသော ကုလ အမှုထမ်းများ၏ မျက်စိအောက်တွင်ပင် နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုများကို မူဝါဒ ကိစ္စတခုအဖြစ် ဗြောင်ကျကျ ကျူးလွန်နေခဲ့သည်က သေချာကြောင်းကို ပြသသည့် အဆုံးမရှိသည့် လူသားချင်းစာနာမှု အလားအလာ မှတ်တမ်းများ၊ အပြန်အလှန် ရည်ညွှန်းကိုးကားထားသည့် မြောက်များစွာသော မျက်မြင်သက်သေ ထွက်ဆိုချက်များ၊ များစွာသော လေ့လာစောင့်ကြည့်၊ အကဲဖြတ်မှု အစီရင်ခံစာများ ကုလတွင် ရှိခဲ့သည်။

ကျွန်ုပ်တို့၏ အစီရင်ခံစာများကို နယူးယော့ခ်ရှိ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ စပြီး လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့များ၊ အထွေထွေညီလာခံ၊ လူ့အခွင့်အရေး ကောင်စီနှင့် အခြားသော ကုလအေဂျင်စီများအထိ အပါအဝင် အဖွဲ့အစည်းတခုလုံးထံ ဖြန့်ဝေသည်။ စစ်ရာဇဝတ်မှုများ၊ လူသားထုအပေါ် ကျူးလွန်သည့် အမှုများနှင့်ပတ်သက်ပြီး မြင်ရုံမျှပင် ဥပဒေကြောင်းအရ လုံလောက်သည့် သက်သေအထောက်အထားတို့က ပြတ်လပ်ခြင်း မရှိခဲ့ပေ။

အနှေးနှင့် အမြန်ဆိုသလို ယခင် ယူဂိုဆလားဗီးယားအတွက် ပြစ်မှုဆိုင်ရာ ခုံရုံးတခု ရှိခဲ့သလို ဆီးရီးယားအပေါ် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတရပ် ရှိခဲ့သည်။ အစ္စရေးမှာမူ အနောက်အုပ်စု၏ အကာအကွယ်အောက်တွင် ထိုက်သင့်သည့် ပြစ်ဒဏ်ပေးခံရခြင်း မရှိခဲ့ပေ။

သို့သော် ယနေ့ မြန်မာနိုင်ငံနှင့် ပတ်သက်လျင် တာဝန်ရှိမှု၊ တာဝန်ခံမှုက အဓိကလုပ်ငန်းစဉ်မှ သီးခြားကင်းကွာပြီး လွတ်ထွက်နေသည်မှာ ရှင်းလင်းမြင်သာသည်။ “ဤအကျပ်အတည်းမှ လွတ်မြောက်မည့် လမ်းကြောင်းက တာဝန်ယူမှု၊ တာဝန်ခံမှုတွင် အခြေပြုရလိမ့်မည်ဟု ပြီးခဲ့သည့်လက ကုလ အဆင့်မြင့် လူ့အခွင့်အရေးအကြီးအကဲ ဗော့လ်ကာ တာ့ခ်က ပြောသည်။ သို့သော် မည်သူမျှ နားထောင်သည့်ပုံ မပေါ်ပေ။ ၎င်းတို့ထဲတွင် ကုလ၏ လူသားချင်းစာနာမှု ရုံး (OCHA )လည်း ပါသည်။

OCHA အကြီးအကဲ မာတင် ဂရစ်ဖစ်သ်၏ မကြာသေးခင်က မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်က ကုလသမဂ္ဂ၏ အဖွဲ့အစည်းဆိုင်ရာ သတိကင်းလွတ်၊ မှတ်ဉာဏ်ပျောက်နေခြင်း၏ သက်သေ ဖြစ်သည်။

အစည်းအဝေး လုပ်ငန်းစဉ်တွင် မြန်မာစစ်အုပ်စုကြောင့် ဖြစ်စေလျက်ရှိသည့် လူသားချင်းစာနာမှု ဘေးဒုက္ခဆိုးထက် အကူအညီ ပေးပို့မှုများကိစ္စက လွှမ်းမိုးနေခဲ့သည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် မစ္စတာ ဂရစ်ဖ်သ် တွေ့ဆုံရာတွင် “မြန်မာ၌ ဝင်လမ်း တိုးချဲ့ရရှိရန် လိုအပ်ခြင်း” အပြင် အရပ်သားပြည်သူများ ရင်ဆိုင်နေရသည့် အကာအကွယ် ဘေးအန္တရာယ်များကိုလည်း မစ္စတာ ဂရစ်ဖစ်သ်က ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဖြစ်ကောင်းဖြစ်နိုင်သည်က ယင်းသည် မြန်မာပြည်သူတို့ ရင်ဆိုင်နေရသည့် အကြီးဆုံး ခြိမ်းခြောက်မှု နှင့်ပတ်သက်ပြီး တခုတည်းသော ရည်ညွှန်းချက်လည်း ဖြစ်နိုင်သည်။ ယင်းက စစ်တပ် ဖြစ်သည်။ 
မယုတ်မလွန် အဖြစ်ဆုံး ခန့်မှန်းချက်များအရ ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းပြီးနောက် စစ်အုပ်စု တပ်ဖွဲ့ဝင်များသည် လူ ၄,၀၀၀ နီးပါးကို သတ်ဖြတ်ကာ လူ ၂၄,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု သိရသလို စစ်အုပ်စု ကျူးလွန်သည့် လူအစုအပြုံလိုက် သတ်ဖြတ်မှုများ၊ အရပ်သားများအပေါ် အဆင်အခြင်မဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် မီးရှို့တိုက်ခိုက်မှုများက နေ့စဉ်နီးပါး ဖြစ်ပျက်နေသည့် ကိစ္စများဖြစ်သည်။ မစ္စတာ ဂရစ်ဖ်သ်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှု၏ သတင်းထုတ်ပြန်ချက်ကို ဖတ်ရှုပါက သင့်အနေဖြင့် အထက်ပါကိစ္စများကို ထင်ချင်မှ ထင်မိလိမ့်မည်ဖြစ်သည်။

ဆိုရလျင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဘာလုပ်ရမည်လဲ။
မြန်မာပြည်သူများကို ရှေ့တည့်တည့်၊ အလယ်ဗဟိုတွင် ထားပြီး မျက်နှာမူပါ။ ၎င်းတို့၏ ချက်ချင်းလက်ငင်းဖြစ်သော လိုအပ်မှုများကို ဖြည့်ဆည်းပေးရမည်။ သို့သော် ၎င်းတို့သည် ကုလပေးစာကမ်းစာထက် ၎င်းတို့၏ အခွင့်အရေးများ၊ အပြည့်အဝဖြစ်သော နိုင်ငံရေး အခွင့်အရေးများကို လိုချင်ကြသည်။ တရားမျှတမှုနှင့် ဂုဏ်သိက္ခာအတွက် အကူအညီက အစားထိုးစရာ မဟုတ်ပါ။

အလေးအနက် ပြောဆိုမှုတို့အပေါ် လူသားချင်းစာနာမှု ကိစ္စများက စိုးမိုးခြယ်လှယ်ခြင်းကို ခွင့်မပြုပါနှင့်။ အပြတ်အသတ် ရှုံးနိမ့်ခဲ့သည့် ရွေးကောက်ပွဲတခုနောက်ပိုင်း လုယူထားသည့် အာဏာကို ပြန်လွှဲပေးရန်နှင့် ကိုယ့်ပြည်သူအပေါ် ပြန်လည် တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းအဆုံးသတ်ရန် မြန်မာစစ်အုပ်စုဘက်က ငြင်းဆန်နေခြင်းဆိုသည့် မြန်မာ၏ ရှည်ကြာသော အကျပ်အတည်း၏ အဓိက အကြောင်းရင်းအပေါ် တန်းတူညီမျှ အာရုံစိုက်ပါ။

မြန်မာ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် တဦးတည်းသော တာဝန်ယူရသူအဖြစ် ဒေသတွင်း အုပ်စု အာဆီယံကိုပဲ လွှဲမထားပါနှင့်။ ရယ်စရာကောင်းလောက်အောင်ပင် ယနေ့အချိန်အထိ အာဆီယံ၏ ဝင်ရောက်ဆောင်ရွက်မှုများက ထိရောက်မှု မရှိခဲ့ပေ။

ကုလ၏ မြန်မာဆိုင်ရာ မူဝါဒ၏ penholder အဖြစ် ဗြိတိန်အနေဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလက မကြုံစဖူးသော ဆုံးဖြတ်ချက်နောက်ပိုင်း လုံခြုံရေးကောင်စီ၌ နောက်ဆက်တွဲ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် တွန်းအားပေးရလိမ့်မည် ဖြစ်သည်။ မြန်မာစစ်အုပ်စုကို တာဝန်ခံခိုင်းရန် ကောင်စီသို့ အများတကာက ပုံမှန် အစီရင်ခံတင်သွင်းမှုက ကောင်းသော စတင်မှုတခု ဖြစ်လိမ့်မည် ဖြစ်သည်။

ဗြိတိန်နှင့် အခြားသော စိတ်ပါဝင်စားသည့် ကုလအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာထံ လက်နက်ရောင်းချမှု ပိတ်ပင်ရေး ကမ္ဘာလုံးဆိုင်ရာ ပိတ်ပင်မိန့်တရပ်ကို အသက်ဝင်အာဏာတည်စေရန် လုပ်ရလိမ့်မည် ဖြစ်ပြီး ရုရှားနှင့် တရုတ်ကဲ့သို့ ချိုးဖောက်သူများကို အမည်တပ်၊ အရှက်ရစေရမည် ဖြစ်သည်။
ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို တင်းကျပ်ရပါမည်။ မြန်မာစစ်အုပ်စု ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများကို ငွေကြေးထောက်ပံ့ရာတွင် ပြည်ပဘဏ်စနစ်များ အသုံးပြုခွင့် မရစေရေးအတွက် စင်္ကာပူကဲ့သို့ အရှေ့တောင်အာရှရှိ ကုလအဖွဲ့ဝင်နိုင်ငံများအပေါ် ထပ်မံ ဖိအားပေးရလိမ့်မည်ဖြစ်သည်။

တာဝန်ယူမှု၊ တာဝန်ခံမှုကို အားပေးပါ။ စစ်ရာဇဝတ်သားများ အဖမ်းမခံရသေးဘဲ လွတ်နေပါက ငြိမ်းချမ်းရေးက တဝက်တပျက်သာ ဖြစ်လိမ့်မည် ဖြစ်သည်။

ယူကရိန်းတွင် လုပ်ဆောင်သကဲ့သို့ပင် ကုလအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာတွင် တရားမျှတမှု ရှာဖွေရေး အိုင်စီစီကို လုပ်ပိုင်ခွင့်အာဏာပေးအပ်ရင်းဖြင့် အိုင်စီစီရှိ ဥပဒေရေးရာ ပညာရှင်များနှင့် စုံစမ်းစစ်ဆေးသူများကို ငွေကြေးပံ့ပိုးပေးရလိမ့်မည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် ဥပဒေသအောက်တွင် မြန်မာစစ်အုပ်စုအပေါ် စွဲဆိုသည့် အမှုကိစ္စများကို စစ်ဆေးစီရင်ရန် တရားရုံးများ ဖွင့်လှစ်ရလိမ့်မည်ဖြစ်သည်။ မြန်မာဆိုင်ရာ ကုလ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားတွင် သက်သေအထောက်အထား အမြောက်အမြား ရှိနေသည်။ ယင်းတို့ကို အပြည့်အဝ အသုံးချလုပ်ဆောင်ရမည်ဖြစ်သည်။

အထွေထွေအတွင်းရေးမှူးချုပ်က အပြည့်အဝ လက်ခံထားသည့် “Rosenthal Report” ဟု ခေါ်သည့် အစီရင်ခံစာက အကြံပြုထောက်ခံထားသည့် ပြုပြင်ပြောင်းလဲမှုများကို လုံးလုံးလျားလျားအကောင်အထည်ဖော်စေရေး မြန်မာရှိ အားနည်းချက်ရှိနေသော ကုလ ဌာနေအဖွဲ့ကို အလှူရှင်အစိုးရများက တွန်းအားပေးရမည် ဖြစ်သည်။ နိုင်ငံရေးနှင့် လူသားချင်းစာနာမှုကို ပေါင်းစပ်လျက်ဖြင့် ကုလ၏ မြန်မာနှင့် ဆက်ဆံမှုတွင် အဆက်အစပ် ရှိရလိမ့်မည် ဖြစ်သည်။

အလှူရှင်များအနေဖြင့် ကုလ ဌာနေအဖွဲ့၏ အကန့်အသတ်များ၏ ပြင်ပနှင့် စစ်အုပ်စု ဝန်းကျင်တွင် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် အသစ်အသစ်သော၊ တီထွင်ဆန်းသစ်မှုရှိသည့် နည်းလမ်းများကို ရှာဖွေရမည် ဖြစ်သည်။ လက်ရှိတွင် စစ်အုပ်စုသည် ၎င်းတို့ ထိန်းချုပ်သည့် ဧရိယာများကိုသာ အကူအညီများ ဖြန့်ဝေပေးစေရေး ကုလကို တိုက်တွန်းလျက် ရှိသည်။ စစ်အုပ်စုထိန်းချုပ်မှုအောက်တွင် မရှိသည့် ဧရိယာများသို့ နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုကို အရှိန်မြှင့်လုပ်ဆောင်ရမည် ဖြစ်ပြီး မြန်မာ၏ အထင်ကြီးရလောက်သည့် နိုင်ငံသားများအခြေပြု အဖွဲ့အစည်းများ၏ နိုင်ငံလုံးဆိုင်ရာ ကွန်ရက်မှတဆင့် ငွေသားအကူအညီများကိုလည်း ပေးရမည် ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်သည့် ဧရိယာများသို့ အကူအညီများ ပေးပို့မှုတင်မကဘဲ နိုင်ငံ၏အနာဂတ်တွင် အပြည့်အဝ သက်ဆိုင်ပတ်သက်သူအဖြစ် မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် ကုလ အဖွဲ့ဝင်နိုင်ငံများဘက်က စစ်အုပ်စုကို သံတမန်ရေးအရ သီးခြားအဆက်အသွယ်ဖြတ်ပြီး NUG နှင့် ပိုမို နီးနီးကပ်ကပ် လုပ်ဆောင်ရလိမ့်မည် ဖြစ်သည်။

မြန်မာသည် ကုလအတွက် စမ်းသပ်မှုကိစ္စတခုဖြစ်သည်။ ယင်းက အလွန်တရာ အောင်မြင်နိုင်သည့် စမ်းသပ်မှုတခုလည်း ဖြစ်သည်။ သို့သော် စံနမူနာ အပြောင်းအလဲတခု မရှိဘူးဆိုပါလျင် ကုလက စာနာမှု အကူအညီပေးပို့မှုကို တာဝန်ယူလင့်ကစား ပြည်သူများမှာမူ အကူအညီ မရဘဲ အမဲဖျက်ခံရလျက်ရှိသည့်နေရာများထဲတွင် မြန်မာလည်း ပါဝင်လာလိမ့်မည်ဖြစ်သည်။

*Chris Gunness သည် ၁၉၉၀ ပြည့်နှစ်အလယ်က ဘောလ်ကန်ဒေသတွင် ကုလအတွက် လက်ထောက်ပြောရေးဆိုခွင့်ရှိသူအဖြစ် ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ မှ ၂၀၂၀ အထိ အရှေ့အလယ်ပိုင်းတွင် ကုလ၏ ဆက်သွယ်ပြန်ကြားရေး ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၎င်းသည် လက်ရှိတွင် တာဝန်ခံမှုဆိုင်ရာ မြန်မာပရောဂျက်၏ ဒါရိုက်တာဖြစ်သည်။

Delivering Aid to Populations Being Slaughtered :The UN Must Rethink its Approach to Myanmar
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly