ဒီးမော့ဆို -  ဖရူဆိုလမ်းပိုင်းတွင် တိုက်ပွဲ ပြန်လည်ပြင်းထန်

By 001 (မဇ္စျိမ)
22 August 2023
ဒီးမော့ဆို -  ဖရူဆိုလမ်းပိုင်းတွင် တိုက်ပွဲ ပြန်လည်ပြင်းထန်
Photo - DMO Local PDF တပ်ဖွဲ့ဝင်အချို့အား ပြီးခဲ့သည့် မတ်လအတွင်းက ​တွေ့ရစဥ် (DMO Local PDF)

ကရင်နီပြည်နယ်၊ ဒီးမော့ဆို - ဖရူဆို လမ်းပိုင်းရှိ ထီးသော်ကူးကျေးရွာဘက်တွင် ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲ အပြင်းအထန် ပြန်ဖြစ်ပွားခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့မှ ဖရူဆိုဘက်သို့ ဦးတည်ပြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား ဩဂုတ်လ ၁၄ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေခဲ့ခြင်းဖြစ်သည်။

“မနေ့ကတော့ ၂၁ ရက်နေ့ မနက် ၅နာရီကျော်ကနေ စဖြစ်တယ်။ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်ဗျ။ တိုက်ခိုက်မှုတွေတော့ အစုံရှိတယ်။ လက်နက်ကြီးရော လက်နက်ငယ်ရော၊ နောက် လေကြောင်းလည်း ပစ်ခတ်တိုက်ခိုက်တာရှိတယ်။ သူတို့(စစ်ကောင်စီ) ထိုးစစ် ဆင်လာတာပေါ့။ ပြီးတော့ ပြည်ထောင်စုလမ်းမဘေးမှာ သူတို့ ကင်းပုန်းတွေချထားတာရှိတယ်လေ။ အဲ့တာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုဖက်နဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေဖြစ်တယ်”ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုအပါအဝင် တိုက်ပွဲအ​ခြေအ​နေအ​သေးစိတ်နှင့်ပတ်သက်ပြီး ​မြေပြင်အချက်အလက်​ရောက် မလာ​​သေး​သည့်အတွက် အတိအကျ မ​ပြောနိုင်သေး​ကြောင်း အဆိုပါ တာဝန်ရှိသူကပြောသည်။

ဒီးမော့ဆို - ဖရူဆို လမ်းမကြီးတလျှောက်တွင် စစ်ကောင်စီ၏ တပ်မ( ၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ (၁၁၂) ၊ ခလရ (၃) တပ်များက စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတွင်မူ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် ၇၀ နီးပါး ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကာ ကရင်နီပူးပေါင်းအဖွဲ့ဘက်မှ ဒုဗိုလ်တဦးအပါအဝင် ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း ကရင်နီပူးပေါင်းအဖွဲ့များက ဩဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ကြသည်။

ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့ရှိ ထွေလီဗီလာကျေးရွာ၊ ငွေတောင်ရွာသစ်ကျေးရွာ၊ ကဒါးလားကျေးရွာနှင့် ထီးသော်ကူးကျေးရွာများ တလျှောက်တွင် အချိန်မရွေးထိတွေ့တိုက်ပွဲ ပြန်ဖြစ်နိုင်၍ ပြည်သူများအနေဖြင့် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိစွာ သွားလာနေထိုင်ကြရန် KNDFက သြဂုတ်လ ၁၈ရက်​နေ့က အသိပေးထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly