ကျိုက်ထိုတွင် စစ်ကောင်စီ စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၆ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ 

By YT (မဇ္ဈိမ)
20 August 2023
ကျိုက်ထိုတွင် စစ်ကောင်စီ စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၆ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ 
ပုံအညွှန်း- ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေပုံ(ဓါတ်ပုံ- ပေးပို့)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ​၏ စစ်ကြောင်းထိုးဝင်ရောက်လာမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ အထိုင်တပ်ရင်းများ​၏ လက်နက်ကြီး ပစ်ကူမှုတို့ကြောင့် ကျေးရွာခြောက်ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ လေးရက်ရှိပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

" အခြေအနေက မကောင်းဘူး၊ တော်တော်ကိုမကောင်းဘူး ဘာလို့လဲဆိုတော့ ၁၆ ရက်နေ့ညတုန်းက သူတို့ဘက်ကထိသွားတော့ ချမ်းမြေ့စု တံတားထိပ်ထိ ရောက်လာသေးတယ်။ အများကြီးပဲ သူတို့လူတွေက။ ၁၇ ရက်နေ့မှာလည်း ထပ်ပစ်ချတယ်၊ မပြန်ရဲသေးဘူး " ဟု ကရဝေးဆိပ်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းတွင် အင်အား ၈၀ ဝန်းကျင်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်၍ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ၍  ကျေးရွာခြောက်ရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည်။ 

ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ ကရဝေးဆိပ်ကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ပိတောက်စုကျေးရွာ၊ အထက်စုကျေးရွာနှင့် ငှက်ပျောတောကျေးရွာမှ ဒေသခံများဖြစ်သည်။ 

 စစ်ကြောင်းထိုးလာချိန်တွင် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာအခြေစိုက် တပ်မ (၄၄)၊ အမြှောက်တပ် အမတ (၆၀၂) တို့​ကပါ လက်နက်ကြီးများဖြင့် ၎င်းကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်က ဇီးကုန်းကျေးရွာအတွင်း စစ်ကြောင်းအထိုင်ချနေဆဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိနေသဖြင့် ကျေးရွာခြောက်ရွာမှ ဒေသခံများသည် နီးစပ်ရာ မိတ်ဆွေနေအိမ်များ၊ တောင်ယာတဲများတွင်သာ စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး နေအိမ်သို့ ပြန်လာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

" ပြန်နေလို့ မရသေးဘူးလေ။ လက်နက်ကြီးတွေက ထုတုန်းပဲ။ ဦးလေးတို့ ဒီတိုင်း တောင်ယာကနေ ပြန်လာတာတောင် ရွာထဲမှာ သွားနေကြတုန်းပဲ" ဟု ကရဝေးဆိပ်ကျေးရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အဆိုပါ ကျေးရွာခြောက်ရွာတွင် ဒေသခံဦးရေ မည်မျှ ရှိသည်ကို မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ဩဂုတ်လ ၁၆ ရက်နေ့၊ ညပိုင်းတွင် ဇီးကုန်းကျေးရွာ၌ အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲခေတ္တ ဖြစ်ပွားမှုရှိပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံး၍ လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ​၏ ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်တို့သည် ကရင်အမျိုးသားအစည်းအရုံး( KNU) ​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၁) နယ်မြေအတွင်း တည်ရှိပြီး ထိုနယ်မြေအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒေသခံများအား ဖမ်းဆီးမှုတို့ကို မကြာခဏ ပြုလုပ်လေ့ရှိသဖြင့် ဒေသခံများ မကြာခဏ တိမ်းရှောင်ရလေ့ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကျိုက်ထို
# စစ်ကြောင်းထိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly