ဇူလိုင်လအတွင်း အမှတ်(၁)စစ်ဒေသ၌ စစ်ကောင်စီတပ်သား ၄၀၀ သေဆုံးဟုဆို

By ရွှေနွယ် (မဇ္ဈိမ)
18 August 2023
ဇူလိုင်လအတွင်း အမှတ်(၁)စစ်ဒေသ၌ စစ်ကောင်စီတပ်သား ၄၀၀ သေဆုံးဟုဆို
ပုံအညွှန်း - မကွေးတိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များစစ်ကြောင်းချီတက်နေပုံ

ဇူလိုင်လတစ်လအတွင်း အမှတ် (၁) စစ်ဒေသခွဲဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲပေါင်း ၄၃၉ ကြိမ်ဖြစ်ပွား၍ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀၀ ဦး သေဆုံးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန( NUG-MOD )မှ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင်  ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၇၄ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်နက်ခဲယမ်းမျိုးစုံ ၂၆ လက်နှင့် ခဲယမ်းမီးကျောက်များလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအနက် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ မိုင်းဆွဲတိုက်ခိုက်မှုသည် အကြိမ်ရေအများဆုံးဖြစ်ပြီး ထိတွေ့ရင်ဆိုင်တိုက်ပွဲအကြိမ်ရေ ၇၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ တိုက်ပွဲများအတွင်း ၂၆ ဦးသေဆုံးခဲ့ပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။

စစ်တိုင်းနှင့် စစ်ဒေသခွဲအသီးသီးရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ရည်ခိုက်ရည်သည် တော်လှန်ရေးနှစ်နှစ်ကျော်လာသည့်ကာလတွင် ပိုမိုပြည့်ဝလာသည့်အပြင် မဟာဗျူဟာပိုင်း၊ နည်းဗျူဟာပိုင်းနှင့် တပ်ရင်းစစ်ကြောင်းနှင့် စစ်ဆင်ရေးများမှာပါ ဦးဆောင်နိုင်သည့် တပ်မှူးများပေါ်ပေါက်လာသည်ဟု ဝန်ကြီးဦးရည်မွန်မှ RFA နှင့်တွေ့ဆုံစဉ်တွင် ပြောကြားထားသည်။

ထို့ပြင် တော်လှန်ရေးသည် အဆင့်တခုထပ်တက်လာသည်ဟု သုံးသပ်ပြီး ရန်သူ့စိုးမိုးနယ်များအတွင်းပါ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်လာနိုင်ပြီဖြစ်ကြောင်းနှင့် ပြောက်ကျားစစ်မှတဆင့် စစ်မဟာဗျူဟာအဆင့်တက်ပြောင်းလဲရတော့မည့် အချိန်ရောက်ပြီဖြစ်ကြောင်းလည်း ဝန်ကြီးမှဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly