လောင်းလုံးတွင် တော်လှန်ရေးအင်အားစုများက ပြည်သူများထံမှဆက်ကြေးကောက်ဟု သတင်းမှားဖြန့်

By JC ( မဇ္ဈိမ)
17 August 2023
လောင်းလုံးတွင် တော်လှန်ရေးအင်အားစုများက ပြည်သူများထံမှဆက်ကြေးကောက်ဟု သတင်းမှားဖြန့်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် တော်လှန်ရေးအင်အားစုများက ပြည်သူ များအား စစ်တပ်ထုတ်ကုန်များမသုံးစွဲရန်အကြောင်းပြကာ ဆက်ကြေးကောက်ခံနေကြောင်း ဖြန့်ဝေထား ကြသည်။ ယင်းမှာ မှားယွင်းနေသည်။

“အမဲလိုက်မုဆိုးကြီးသတင်းမှန်” တယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၇ ရက်နေ့တွင် “တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်ထဲကကျေးရွာတွေမှာ အကြမ်းဖက်တွေက အကြမ်းဖက်လှုံ့ဆော်စာ တွေ၊ တပ်မတော်ထုတ်ကုန်တွေမသုံးဖို့ဟူသော အကြောင်းပြချက်နဲ့ ဆက်ကြေးလိုက်လံကောက်ခံနေ ကြောင်းသိရ” ဟု (မူရင်းအရေးအသားအတိုင်း) ဓါတ်ပုံ ၁၀ ပုံဖြင့် ဖြန့်ဝေထားသည်။

ထိုအကြောင်းသည် တယ်လီဂရမ်ချန်နယ်နှင့် ဂရု(ပ်) ရှစ်ခုတွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၃၀,၀၀၀ ကျော်နေပြီ ဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ဖြန့်ဝေထားကြသည်။ 

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းကို အချက်အလက် စစ်ဆေးခဲ့ရာတွင် စစ်ကောင်စီ ထောက်ခံသူများဖြန့်ဝေထားသည့် သတင်းမှားဖြစ်ကြောင်း တွေ့ရသည်။

သတင်းမှားတွင်ဖော်ပြထားသည့် ဓါတ်ပုံ ၁၀ ပုံသည် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) DDMSC မှ ဩဂုတ်လ ၇ ရက်နေ့တွင် “စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ အချိုရည်၊ စီးကရက်များ ဝယ်ယူသုံးစွဲခြင်း/ရောင်းချခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြဖို့ လှုပ်ရှားမှုပြုလုပ်” ဟူသည့် ပို့စ်မှ ဓါတ်ပုံများအား အသုံးပြုထားခြင်းဖြစ်သည်။
လင့် - 
t.ly/WGajk

ထိုအကြောင်းကို ထားဝယ်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးအား မေးမြန်းရာတွင် စစ်တပ်ထုတ်ကုန် အမှတ်တံဆိပ် အရက်ဘီယာ၊ ဆေးလိပ်များအား သုံးစွဲခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ကြရန် ပြည်သူများ အားမေတ္တာရပ်ခံသည့် စာရွက်များအားဖြန့်ဝေခြင်းသာဖြစ်ပြီး ငွေကြေးတောင်းခံခြင်း လုံးဝမရှိကြောင်း ပြောသည်။

“ဒီလှုပ်ရှားမှုကလည်း ကျနော်တို့ DDMSC က သီးသန့်လှုပ်ရှားတာမဟုတ်ဘူး။ တနိုင်ငံလုံးမှာရှိတဲ့ သပိတ် အင်အားစုတွေက စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လှုပ်ရှားမှုဖြစ်တယ်။ ဒီဟာတွေကို သယ်ယူပို့ဆောင်တာ မလုပ်ဖို့ အဓိက က boycott လုပ်ဖို့ပေါ့ဗျာ။ ဒါကို ကျနော်တို့ မေတ္တာရပ်ခံတာပဲ ဖြစ်တယ်။ ဘာမှလည်း ကျနော်တို့ ဆက်ကြေးကောက်တာမရှိဘူး။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကားသမားတွေကို မေးလို့ရ တယ်ဗျာ။ သေချာတယ် ဘာမှလည်း ဆက်ကြေးကောက်တာ ခြိမ်းခြောက်တာမရှိပါဘူး။ ဘီယာတွေကို သယ်ယူပို့ဆောင်တာတွေမလုပ်ဖို့ မေတ္တာရပ်ခံတာပဲ ဖြစ်တယ်” ဟု ကိုမင်းလွင်ဦးမှ မဇ္ဈိမကို ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့၌ လောင်းလုံးမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များ သုံးစွဲခြင်းမပြုလုပ်ကြရန် လက် ကမ်းစာစောင်များ ဖြန့်ဝေနေကြခြင်းအား သတင်းဌာနများမှလည်း ဖော်ပြခဲ့ကြသည်။ လင့် - 
t.ly/AZePj
 , 
t.ly/lpDFu

သတင်းဌာနများ၏ဖော်ပြချက်တွင် စစ်တပ်ထုတ်ကုန်များမသုံးစွဲရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည့် အကြောင်း အရာသာပါဝင်ပြီး တော်လှန်ရေးအင်အားစုမှ ငွေကြေးတောင်းခံကြောင်း မပါဝင်ပေ။ 

ထို့ကြောင့် လောင်းလုံးတွင် စစ်တပ်ထုတ်ကုန်များမသုံးစွဲရေး အကြောင်းပြချက်ဖြင့် ပြည်သူများထံမှ ဆက်ကြေးတောင်းခံသည်ဆိုခြင်းမှာ စစ်ကောင်စီထောက်ခံသူများက သတင်းမှားဖြန့်နေခြင်းသာ ဖြစ် သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - 
https://bit.ly/3x5qnf5
 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly