ရေဘေးသင့်ပြည်သူများအား  စစ်ကောင်စီက လုံလောက်သည့် အကူအညီ ပေးအပ်မှု မရှိ

By ဂျူချန်း(မဇ္ဈိမ)
16 August 2023
ရေဘေးသင့်ပြည်သူများအား  စစ်ကောင်စီက လုံလောက်သည့် အကူအညီ ပေးအပ်မှု မရှိ
ပုံအညွှန်း-ဩဂုတ် ၈ ရက်နေ့၊ ပိုင်ကျုံမြို့၊ ကျေးရွာတစ်ရွာမှ ရေကြီးနေစဉ် (ဓါတ်ပုံ- ပေးပို့)

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ရေဘေးသင့် ပြည်သူဦးရေ ၆ သောင်းကျော်ရှိခဲ့သည်။ ထိုရေဘေးသင့်ပြည်သူများအား  စစ်ကောင်စီက လုံလောက်သည့် အကူအညီ ပေးအပ်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

ရေကြီးရေလျှံမှုကြောင့် မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်တွင် ရေဘေးရှောင်စခန်း ၁၀ခု ဖွင့်လှစ်ခဲ့ရပြီး စစ်ကောင်စီက ရေဘေးရှောင်စခန်းအချို့၌ ဆန် နှင့် ရိက္ခာခြောက် ပေးသော်လည်း လုံလောက်မှုမရှိကြောင်း သိရသည်။

“အမှန်အတိုင်းပြောရရင် အပြည့်အဝ လုံလောက်မှုကတော့ မရှိဘူးပေါ့။ နေရာတိုင်းမှာတော့ ပြည့်ဝတာမရှိပါဘူး။ သူတို့ထောက်ပံ့တာက ထောက်ပံ့တာပေါ့။ ဒါက နှစ်တိုင်းလိုလိုပါပဲ။ ဘယ်နေရာမှလည်း ပြည့်ဝမှုမရှိပါဘူး။ ဒါကတော့ ခေတ်အဆက်ဆက် ဒီလိုပါပဲ” ဟု ဘီးလင်းမြို့တွင် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးက  မဇ္ဈိမ ကိုပြောသည်။

ကရင်ပြည်နယ် ၊ ပိုင်ကျုံမြို့နယ်တွင် အိမ်ထောင်စု ၁,၀၀၀ နီးပါး ရေနစ်မြှုပ်နေပြီး စစ်ကောင်စီက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း လုံးဝမရှိသေးကြောင်း ဒေသခံများက ပြောသည်။

“ရေကြီးတာ ၁၄၊ ၁၅ ရက်လောက်ရှိပြီ။ ကျနော်တို့မှာ အခုထိ ရေက ဒူးကျော်လောက်၊ တချို့နေရာတွေ ခါးလောက်ရှိနေတုန်း။ ရေကအကျဘက်တော့ သွားနေပြီပေါ့နော်။ စစ်ကောင်စီကတော့ တခုမှကူညီတာမရှိပါဘူး။ ကျနော်တို့နေရာဆို BGF တပ်ရင်းနဲ့ နီးနီးလေး။ သူတို့တော့ တစ်ခုမှ လာမကူပါဘူး” ပိုင်ကျုံမြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အလားတူ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မင်းတောင်မကျေးရွာ၊ ဒုံးသားကျေးရွာ၊ ကုလားမတောင်ကျေးရွာ၊ မင်းဖူးကျေးရွာနှင့် ညောင်ပါလကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၂၉ ရွာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်ထားပြီး စစ်ကောင်စီက မင်းပြားမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား လာရောက်ကူညီခြင်း မရှိခဲ့ကြောင်း မင်းပြားဒေသခံတစ်ဦးက ပြောသည်။

“ရွာတွေမှာတော့ ရေတော်တော်ကြီးတယ်။ (အကူအညီ) သွားပေးတယ်လို့တော့ မကြားမိဘူးဗျ။ စစ်ကောင်စီဘက်က အစိုးရဘက်က သွားကူညီပေးတယ်လို့တော့ ကျနော်တို့လည်း မကြားမိဘူး” ဟု မင်းပြားမြို့ အခြား ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

မြောက်ဦးမြို့နယ်ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင်လည်း ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ဩဂုတ်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရေဘေးရှောင်ရကာ ရေဘေးရှောင်ရစဉ်အတွင်း စစ်ကောင်စီမှ ရေဘေးသင့်ပြည်သူ ၁,၁၇၅ ဦးအတွက် ဆန် ၂၂ အိတ်၊ ဓာတ်ဆား နှင့် ရိက္ခာခြောက်များ လာပေးခဲ့ကြောင်း စခန်းတာဝန်ရှိသူတစ်ဦးထံက သိရသည်။

“ကမ္ဘောဒီးယားကပေးထားတယ်လို့ပြောတာပဲ။ ရယ်ဒီမိတ်ဒံပေါက် အထုပ်တွေ ပါတယ်။ အများကြီးတော့ မဟုတ်ဘူး။ ဒံပေါက်က အထုပ် ၁၀၀ လောက်ပါတယ်။ ခေါက်ဆွဲခြောက်က ၃၆၀ လောက်ပါတယ်။ အထုပ်ဆိုတာ အကြီးကြီးပြောတာမဟုတ်ဘူး။ သေးသေးလေး” ဟု စခန်းတာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်တွင် မြို့နယ်ခုနစ်ခုမှ အိမ်ခြေ ၂၈,၀၇၂  ရေလွှမ်းမိုးခံခဲ့ရကာ လူခြောက်ဦး သေဆုံးခဲ့ရပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ULA/AA က ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဩဂုတ်လ ပထမအပတ်အတွင်း ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်း မှ လူဦးရေ ၆၂,၀၀၀ကျော် ရေကြီးမှုဒဏ်ကို ခံစားခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)မှ ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly