ပေါ့လျော့မှုအနည်းငယ်ကြောင့် ပြည်သူများဒုက္ခပိုစေမည်ကို အထူးသတိပြုရန် NUGယာယီသမ္မတသတိပေး

By 002 (မဇ္ဈိမ)
16 August 2023
ပေါ့လျော့မှုအနည်းငယ်ကြောင့် ပြည်သူများဒုက္ခပိုစေမည်ကို အထူးသတိပြုရန် NUGယာယီသမ္မတသတိပေး
ပုံအညွှန်း-NUGယာယီသမ္မတဒူဝါလရှီးလ

ပေါ့လျော့မှုအနည်းငယ်ကြောင့် ပြည်သူများ ဒုက္ခဆင်းရဲ ပိုဖြစ်စေနိုင်သည့် အ‌ခြေအနေမျိုးအား အထူးသတိပြုရှောင်ကြဉ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUGယာယီသမ္မတဒူဝါလရှီးလက အစိုးရအဖွဲ့ဝင်များအား သတိပေးပြောကြားသည်။

သြဂုတ် ၁၅ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယင်းကဲ့သို့  သတိပေးခြင်းဖြစ်သည်။

" ပြည်သူ့အသက်နဲ့ ရင်းနှီးပေးဆပ်ရတဲ့ ခုခံတော်လှန်စစ်ရဲ့  တာဝန်ဝတ္တရားတွေကို အမြဲတမ်းအလေးအနက်ထား ထမ်းဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ရဲ့ သတိလက်လွတ် ပေါ့လျော့မှု အနည်းငယ်ဟာ ရာနဲ့ချီ၊ထောင်နဲ့ချီသော ပြည်သူလူထုကို ဒုက္ခဆင်းရဲတွေကို ပိုမိုစေပါလိမ့်မယ်။ ဒါကို အထူးသတိပြုရှောင်ကြဉ်နိုင်ဖို့ ကျွန်တော့အနေနဲ့ သတိပေးချင်ပါတယ်" ဟု NUGယာယီသမ္မတက ပြောသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် ခုခံတော်လှန်စစ်ကို ဆင်နွှဲနေရချိန်တွင်  စစ်ကောင်စီ၏ ထိုးစစ်ကြောင့် စစ်ဘေးရှောင်လူထု အရေအတွက် ပိုများပြားလာကြောင်းလည်း အသိပေးထားသည်။ ထို့ကြောင့် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် စစ်ကောင်စီထိုးစစ်ကြောင့် ဒုက္ခရောက်နေသော  ပြည်သူလူထုကို ကူညီကယ်ဆယ်ရခြင်းကို တပြိုင်နက်လုပ်ဆောင်နေရပြီး  ပေါ့ပေါ့လျော့‌လျော့မလုပ်ရန် ယာယီသမ္မတက တိုက်တွန်းထားသည်။

ထို့အပြင် လက်ရှိ၌ အစိုးရအဖွဲ့က ထမ်းဆောင်နေသည့်  တာဝန်များမှာ  ပြည်သူများခံစားရသည့် ဒုက္ခနှင့် နှိုင်းယှဉ်ပါက အသေးအဖွဲမျှသာဖြစ်သည်ဟု ဆိုသည်။
" ကျွန်တော့အနေနဲ့ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတာကို အတော်ကြီး စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့တတွေဟာ ယခု လုံ့လထုတ်ကြိုးစားသည်ထက် နှစ်ဆ၊သုံးဆ လောက် အားထုတ်ကြဖို့ လိုပါတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို တွေ့ဆုံတဲ့အခါ ကျွန်တော်တို့ စိတ်လုံချင်ပါတယ်" ဟု  ပြောကြားသည်။ 

တဆက်တည်းတွင် " တော်လှန်ရေးကာလမှာ ခုခံတော်လှန်စစ်ရဲ့ တာဝန်တွေကို နေ့စဉ်နဲ့အမျှ အချိန်ပြည့် ထမ်းဆောင်နေရတာဟာ မလွယ်ကူမှန်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အိုးပစ်အိမ်ပစ် အသက်လုပြီး စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူလူထုရဲ့ ဒုက္ခနဲ့ယှဉ်ရင် ကျွန်တော်တို့ရဲ့ ကြီးလေးတဲ့ တာဝန်ဟာ အသေးအဖွဲမျှသာ ဖြစ်တယ်လို့ ယူဆပါတယ်" ဟု ယာယီသမ္မတက ပြောသည်။

စစ်ကောင်စီသည် ယခုအခါ အင်အားချိနဲ့ကာ  လုံးဝပြိုလဲလုနီးဖြစ်နေသောကြောင့် တော်လှန်ရေးအင်အားစုများအကြား သွေးခွဲမှုများ ပိုမိုလုပ်ဆောင်လာကြောင်း၊ ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြေမပြတ် တစိုက်မတ်မတ် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း အစိုးရအဖွဲ့ကို သတိပေးသည်။
စစ်ကောင်စီက အရပ်သားပြည်သူများကို စစ်ရေး ပစ်မှတ်ထားကာ ထိုးစစ်ဆင်နေသည်ကို နိုင်ငံတကာကသိရှိ အောင် လုပ်ဆောင်ရန်လည်း အစိုးရအဖွဲ့ဝင်များအား တိုက်တွန်းထားသည်။

ထို့အပြင် PDF များ၏ တဦးချင်းစွမ်းရည်များ မြှင့်တင်ပေးရန် လိုအပ်ပြီး လက်နက်ခဲယမ်းလုံ လောက်စွာရရှိရန်လည်း အာရုံစိုက်ရမည်ဖြစ်ကြောင်း၊ PDF များ၏ စွမ်းရည်များ မြင့်တက်မှ ပြည်သူများကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောထားသည်။

စာတည်း - မောင်ကြီး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly