မတူပီ-ဟားခါးလမ်းပိုင်း မြေပြို၍ ခရီးသွားလာခြင်းမပြုလုပ်ကြရန် CDF-Matupi အသိပေး

By ကိုခင်မောင် (မဇ္ဈိမ)
15 August 2023
မတူပီ-ဟားခါးလမ်းပိုင်း မြေပြို၍ ခရီးသွားလာခြင်းမပြုလုပ်ကြရန် CDF-Matupi အသိပေး
ပုံအညွှန်း။    ။ မတူပီ - ဟားခါးလမ်းပေါ်တွင် လမ်းသားပြတ်ကျပြိုကျမှုမြင်ကွင်းများ (ဓာတ်ပုံ- CDF- Matupi)

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင်  မတူပီ-ဟားခါးလမ်းပိုင်းတနေရာ မြေပြိုနေ၍ ခရီးသွားလာခြင်းမပြုလုပ်ကြရန် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF-Matupiမှ ယမန်နေ့သြဂုတ်လ ၁၄ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

မတူပီ-ဟားခါးလမ်းမပေါ်ရှိ လုံလှော်ရွာ-ဇကမ်းရွာကားလမ်းပိုင်းတွင် ပေ ၄၀ ခန့်ရှည်သော လမ်းသားပဲ့ကျနေပြီး  တခြားနေရာတော်တော်များများတွင်လည်း  မြေပြိုမှုများ ဖြစ်ပွားနေ၍  ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလားခြင်းမပြုလုပ်ရန် အသိပေးထားခြင်းဖြစ်သည်။

“ဆက်ဖြစ်နိုင်မယ့်နေရာတွေ အများကြီးရှိသေးတယ်၊ နေရာသုံးနေရာလောက်မှာ တောင်ကျရေတွေကြောင့် လမ်းသားပဲ့ကျပြိုကျမှုတွေ ထပ်ဖြစ်လာနိုင်ပါတယ်။ အခုဆိုးဆိုးရွားရွားဖြစ်တာက လုံလှော်ရွာနဲ့ ဇကမ်းရွာက ကားလမ်းမှာလမ်းသားမြေပြိုသွားတာပါ။ ပေ ၄၀ လောက်ရှိပါတယ်။ ” ဟု ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)မှ တာဝန်ရှိသူ နိုင်ဂျွန်ကိမ်း က မဇ္စျိမသို့ပြောသည်။

ယခု ဩဂုတ်လအတွင်း အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ချင်းပြည်နယ်၊ မတူမြို့နယ်၊ မတူပီ-ဟားခါးလမ်းပိုင်းမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနေပြီး ခရီးသွားလာရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း  ၎င်းထံမှ သိရသည်။

မတူပီ- ဟားခါးလမ်း ပျက်စီးမှုကြောင့် မတူပီမြို့နယ်တွင် စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်လာနိုင်ပြီး စားသောက်ကုန်များ ပြတ်လပ်သွားမည်ကို စိုးရိမ်နေရကြောင်းလည်း သူကဆိုသည်။

“မတူပီ-ခါးဟားလမ်းဆိုတာက တော်လှန်ရေးဒီလိုဖြစ်ပြီးနောက်ပိုင်း မင်းတပ်လမ်းကို အသုံးပြုမှုနည်းပြီးမှ ဒီဟားခါးလမ်းကို အဓိက သုံးတာများပါတယ်။ အဓိကတော့ ခရီးသည်တွေက မင်းတပ်လမ်းကနေ သွားတာများတယ်။ စားသောက်ကုန်တွေကတော့ ဟားခါးလမ်းကနေ လာတာများတယ်၊ လမ်းပိုင်းက ဒီလိုပျက်စီးသွားတော့ မြို့ပေါ်နေပြည်သူတွေအတွက်က ဒုက္ခတွေ၊ အခက်အခဲတွေကြုံနိုင်တဲ့ အခြေအနေမျိုးမှာရှိတယ်။ ကုန်စျေးနှုန်းတက်တာတွေလည်းရှိမယ်။ စားသောက်ကုန်ပစ္စည်းတွေမြို့ထဲကို ပို့နိုင်ဖို့ ခက်ခဲလာမယ်။ အခုဒီလမ်းကနေပဲ ဆီ၊ ဆား၊ ငါးပိ ၊ ဓာတ်ဆီ၊ ဒီဇယ်ကအစ ဝင်တာဆိုတော့ မြို့နေပြည်သူတွေက ဒုက္ခတွေ တော်တော်ကြုံနေရမှာပါ” ဟု ကိုနိုင်ဂျွန်ကိမ်းက ဆိုသည်။

ထိုသို့ မတူပီ-ဟားခါးကားလမ်းတွင် လမ်းသားပြတ်ကျခြင်းသည်  မိုးများသည့်အခါ တောင်ကျရေများလာပြီး ကားလမ်းဘေးတွင် မြောင်းကောင်းကောင်း တူးဖော်ထားခြင်းမရှိသောကြောင့် တောင်ကျရေတိုက်စား၍ မြေပြိုပြီးလမ်းသားပဲ့ကျမှုများဖြစ်ပွားနေခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly