PDF များ လူသတ် မုဒိမ်းမှုများ ပြုလုပ်နေသည်ဟု စစ်ကောင်စီတပ်မှ ဒေသခံများအား အစည်းအဝေးခေါ်ပြီး မဟုတ်မမှန်ပြောဆို

By မင်းထက် (မဇ္စျိမ)
15 August 2023
PDF များ လူသတ် မုဒိမ်းမှုများ ပြုလုပ်နေသည်ဟု စစ်ကောင်စီတပ်မှ ဒေသခံများအား အစည်းအဝေးခေါ်ပြီး မဟုတ်မမှန်ပြောဆို
ဓာတ်ပုံ - မြန်အောင်မြို့နယ်အတွင်း တနေရာ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ၊ရဲများနှင့် အုပ်ချုပ်ရေးမှူးများက ဒေသခံများအား အစည်းအဝေးခေါ်ကာ PDF များက အကြမ်းဖက်လူသတ်၊ မုဒိမ်းမှုများပြုလုပ်နေသည်ဟု မဟုတ်မမှန်ပြောဆိုမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ယမန့်နေ့ သြဂုတ်လ ၁၅ ရက်နေ့ နေလယ်ပိုင်းအချိန်က မြန်အောင်မြို့နယ် ငှက်ကြီးကွင်းအုပ်စု၊ ပေါက်အိုင်ရွာဘုန်းကြီးကျောင်းသို့ တအိမ်တယောက် မလာမနေရဟုဆိုကာ အစည်းအဝေးခေါ်ပြီး ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

"PDF တွေက လူတွေကိုဖမ်းတယ်၊ ဖမ်းပြီးရင်လည်း တာဝန်မယူဘူး၊ ဆရာမတွေဆိုလည်း မုဒိမ်းကျင့်တယ်၊ ဘုန်းကြီးတွေဆို သတ်တယ်၊ အကြမ်းဖက်တာတွေလုပ်တယ်။ ဒါကြောင့် PDF တွေ့ရင်အကြောင်းကြားပေးဆိုပြီး ခေါ်ပြောတာပါ။ ရွာသားတွေအကုန်လုံးက အရူးတွေမှမဟုတ်တာ။ ဒါမျိုးလုပ်တာ စစ်တပ်ပဲဆိုတာ သိတာပေါ့"ဟု ဒေသခံကပြောသည်။

PDF များမှာ အနည်းစုသာဖြစ်ပြီး ၎င်းတို့မှာ အင်အားကြီးသောအဖွဲ့အစည်းဖြစ်၍ မတွန်းလှန်နိုင်ကြောင်း၊ ရွာသူရွာသားများ ဆီလျှော့စားရန်လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအဖွဲ့များဖွဲ့စည်းထားရန် လိုအပ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့များကပြောဆိုခဲ့သည်ဟု ဆက်လက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက မြန်အောင်မြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စုများတွင်လည်း ထိုသို့ မလာမနေရ အစည်းအဝေးများခေါ်ယူကာ မဟုတ်မမှန်ပြောဆိုမှုများ ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းက ပေါက်အိုင်ရွာဘုန်းကြီးကျောင်းတွင် အစည်းအဝေးပြုလုပ်ပြီးနောက် အဆိုပါကျေးရွာ ဘေးဝန်းကျင်တွင်ရှိသည့် ကျေးရွာများတွင်လည်း အစည်းအဝေးပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းပြင် စစ်ကောင်စီတပ်ဖွဲ့များက မြန်အောင်မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံများအား မတရားဖမ်းဆီးမှုများပြုလုပ်နေသည်ဟုသိရပြီး၊ ဒေသခံများထံမှ ရိက္ခာတောင်းယူခြင်းများကိုလည်း မကြာခဏပြုလုပ်နေသည်ဟု ဒေသခံအမျိုးအမီးတဦးကပြောသည်။

"စစ်တပ်က အရှက်မရှိတာ သိသာတယ် ။ ဘာလို့လဲဆို မြန်အောင်မြို့နယ်ထဲကရွာတွေမှာ ကျန်ခဲ့တဲ့ ၁၅ ရက်လောက်အတွင်း ပတ်ဖမ်းနေတာ ၁၅ ယောက်လောက် အဖမ်းခံထားရပြီ။ ပိုက်ဆံရှိတဲ့လူတွေကို ရွေးဖမ်းနေတာ။ အဲ့တာကို PDF က လူတွေကိုဖမ်းတယ်ဆိုပြီး လျှောက်ပြောနေတယ်"ဟု ၎င်းအမျိုးသမီးကပြောသည်။

လက်ရှိတွင် မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်အတွင်းရှိ တောင်ခြေကျေးရွာများ၌ စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားသည်ဟုသိရပြီး တောအုပ်များအတွင်းသို့ စစ်ကြောင်းထိုးမှုများပြုလုပ်နေသည်ဟု သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly