ရင်းဂစ် ၂၃၂ ဒသမ ၅ သန်း (ဒေါ်လာ သန်း ၅၀) ပါဝင်ပတ်သက်သည့် အာဏာအလွဲသုံးစားလုပ်မှု စွဲချက်လေးခုဖြင့် မလေးရှားဝန်ကြီးချုပ်ဟောင်း မူယစ်ဒင် ယက်ဆင်ကို စွဲဆိုထားသည့် အမှုတွင် ၎င်း၌ အပြစ်မရှိကြောင်း မလေးရှားတရားရုံးချုပ်က ဩဂုတ် ၁၅ ရက်တွင် စီရင်ချက် ချမှတ်လိုက်သည်။
စွဲချက် လေးခုသည် အားနည်းချက်တို့ ရှိနေပြီး အခြေအမြစ်မရှိ၊ ရေရာမှု မရှိကြောင်းနှင့် ယင်းစွဲချက်များတွင် ကျူးလွန်သည် ဆိုသည့် ပြစ်မှုများ၏ အသေးစိတ်ကို ဖော်ပြထားခဲ့ခြင်း မရှိကြောင်း တရားသူကြီး မိုဟာမက် ဂျမေးလ် ဟက်ဆင်က အမိန့်ချသည်။
“ဒါကြောင့် စွဲချက်လေးခုစလုံးကို ပယ်ဖျက်ဖို့ လျှောက်ထားသူ (မူယစ်ဒင်) ရဲ့ လျှောက်ထားချက်ကို တရားရုံးက ခွင့်ပြုပေးလိုက်ပါတယ်။ ဒါနဲ့အတူ လျှောက်ထားသူကို အပြစ်မရှိဘူးလို့ စီရင်ပြီး တရားသေလွှတ်လိုက်ပါတယ်” ဟု တရားသူကြီးက ပြောသည်။
မူယစ်ဒင်သည် ဝန်ကြီးချုပ်နှင့် Bersatu ပါတီ ဥက္ကဋ္ဌ ဖြစ်ခဲ့ချိန်က ပါတီအတွက် ကုမ္ပဏီသုံးခုထံမှ လာဘ်ထိုးမှုများ ရယူရန် ရာထူးအာဏာကို အသုံးချခဲ့သည် ဆိုပြီး စွဲဆိုခံခဲ့ရသည်။
၎င်းသည် ၂၀၂၀ မတ်လ ၁ ရက်နှင့် ၂၀၂၁ ဩဂုတ် ၂၀ အကြား ပူထရာဂျာယာရှိ ဝန်ကြီးချုပ်ရုံးတွင် ရုံးထိုင်စဉ်က ပြစ်မှုများကို ကျူးလွန်ခဲ့သည်ဟု တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။