ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်များအတွက် အကူအညီလိုအပ်

By ဂန္ဒမာ (မဇ္ဈိမ)
15 August 2023
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်များအတွက် အကူအညီလိုအပ်
ပုံအညွှန်း-စစ်ရှောင်များအတွက်ကူညီရန် ပန်းဆိုင်နှင့် ရဲဘော်သို့တို့မှ ပြုလုပ်သည့် သိန်း ၁၀၀ ပရောဂျက်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများမှ ဒေသခံစစ်ရှောင်များအတွက် အကူအညီလိုအပ်နေသည််ဟု ရိက္ခာထောက်ပံ့ရေး ဆောင်ရွက်နေသည့် အဖွဲ့ဝင်များထံမှ သိရသည်။

“စစ်ရှောင်လူဦးရေ တနေ့ထက်တနေ့ များပြားလာနေပါတယ်။ ရိက္ခာထောက်ပံ့ကူညီမှုတွေ မရတာလည်း ငါးလ ခြောက်လလောက်ရှိပါပြီဗျ။ ဒါကြောင့်မို့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရိက္ခာထောက်ပံ့မှုများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပန်းဆိုင် ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းမှ တာဝန်ခံ ကိုဖိုးဝိဒက ပြောသည်။

ဖရူဆိုမြို့နယ်တွင် စစ်ရှောင်ဦးရေ ပို၍များလာသည့်အပြင် လက်ရှိ သက်ကြီးရွယ်အိုနှင့် မွေးကင်းစ ကလေးငယ်များအတွက် အကူအညီလိုအပ်နေသည်ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်နေရသူများအတွက် ရိက္ခာများထောက်ပံ့ကူညီနိုင်ရေး ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းနှစ်ခုက ဆောင်ရွက်နေသည်ဟု သိရသည်။

စစ်ဘေးရှောင်များသည် ၎င်းတို့ပိုင်သည့် နီးစပ်ရာ မြေကွက်များတွင် ပြန်လည်လုပ်ကိုင်၍ စားဝတ်နေရေးအတွက် ဆောင်ရွက်နေကြရပြီး စစ်ရှောင်အချို့မှာ လယ်ယာလုပ်ငန်းခွင်သို့ပင် ပြန်လည်လုပ်ကိုင်စရာ မရှိတော့သည်အထိ မီးရှို့ဖျက်ဆီးခံလိုက်ကြရသည်ဟု ဆိုသည်။

"အခု ကရင်နီမှာ ေ-တွေ(စစ်ကောင်စီတပ်ဖွဲ့)က စစ်မျက်နှာပြင်များစွာ ဖွင့်ထားတဲ့အတွက် အရင်ကလို ခိုးကြောင်ခိုးဝှက်တောင် လယ်သွားလုပ်လို့ မရတော့ဘူး အဲ့တော့ စားဝတ်နေရေးက တနေ့ထက်တနေ့ ခက်ခဲလာပြီး အလှူရှင်တွေကိုပဲ မျှော်နေရတော့တာပါ”ဟု မြေပြင်တွင်ရှိနေသော To Comrades - ရဲဘော်များသို့ ရန်ပုံငွေရှာဖွေရေး အဖွဲ့အစည်းမှ ဒုတိယအမှုဆောင်ဒါရိုက်တာ ရဲဘော်အားလူးက ပြောသည်။

စစ်ရှောင်များအတွက် အခြေခံစားသောက်ကုန် လိုအပ်ချက်များစွာ ရှိနေသည့်အတွက် ရိက္ခာရရှိနိုင်ရန် ကြိုးပမ်းနေရသည်ဟု ၎င်းကပြောသည်။

ပန်းဆိုင်အဖွဲ့ နှင့် To Comrades - ရဲဘော်များသို့ ရန်ပုံငွေရှာဖွေရေး အဖွဲ့အစည်းတို့ ပူးပေါင်းကာ သိန်း ၁၀၀ ပရောဂျက် ပြုလုပ်ထားပြီး အညာဒေသတွင်ရှိသည့် အခြေစိုက်တပ်ခွဲတစ်ခုဖြစ်သော 96 Soldiers - PDF နှင့် ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအား ဖြည့်တင်းကူညီသွားနိုင်ရန်အတွက် ကြိုးပမ်းနေကြသည်ဟု သိရသည်။

လက်ရှိ ကူညီထောက်ပံ့ရေးအတွက် သိန်း ၁၀၀ ပရောဂျက်အား ဩဂုတ်လ ၄ ရက်နေ့တွင် စတင်ခဲ့ကာ ယခုအချိန်ထိ ၃၀ ရာခိုင်နှုန်းသာ ရရှိသေးသဖြင့် သတ်မှတ်ချက်ပြည့်မီမှသာ ပရောဂျက်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။

စာတည်း။      ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။      ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly