ဂန့်ဂေါတွင် စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

By ပါခွီး (မဇ္စျိမ)
14 August 2023
ဂန့်ဂေါတွင် စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ
ပုံအညွှန်း- ပျက်စီးသွားသည့်နေအိမ်များ (ဓါတ်ပုံ - ဂန်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်သည့် လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံ အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ယမန်နေ့ ဩဂုတ်လ ၁၃ ရက်က ထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများအတွင်းသို့ ၁၂၀ မမဖြင့် ပစ်ခတ်ခဲ့ရာ ဩဂုတ်လ ၈ ရက်နေ့တွင် ရေသာကျေးရွာ သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတဦး၏ ဦးခေါင်းကိုလက်နက်ကြီးကျည် စထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဩဂုတ်လ ၁၁ရက်နေ့တွင်လည်း အဆိုပါ မြောက်ခင်ရန်းကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး ဖြင့်ပစ်ခတ်ရာ ဂန့်ဂေါမြို့နယ် မြင်သားရွာသို့ ကျည်နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၈ နှစ် အရွယ်အမျိုးသမီးတဦးနှင့် အသက် ၃၃ နှစ်အရွယ် အမျိုးသားတဦး လက်နက်ကြီးကျည်စ ထိမှန် သေဆုံးခဲ့ ကြောင်း သိရသည်။

ထို့ပြင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦး၊ အသက် ၂၈ နှစ်အရွယ်အမျိုးသား တဦးနှင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတဦးတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိခိုက်ဒဏ်ရာရသူ

 

စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များသည် ရာဇဝတ်မှုမြောက်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းကျေးရွာ နယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ များသည် ဩဂုတ်လ ၁၃ ရက် နေ့ နံနက် ၉ နာရီမှစ၍ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ခုနစ်လုံး မီးလောင် ပျက်စီးခဲ့ပြီး ယင်းတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့်နေအိမ်နှစ်လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

ပျက်စီးသွားသည့်နေအိမ်များ

ယင်းနေ့တွင်ပင် မြောက်ခင်ရန်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့က ၁၂၀ မမ လက်နက်ကြီးဖြင့် မြင်သား ကျေးရွာသို့ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သော်လည်း အထိအခိုက်မရှိကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required