ထားဝယ်ခရိုင်အတွင်းက သပိတ်ဦးဆောင်ကော်မတီဝင်၏ ဖခင်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်

By ကိုရွှေမြိတ် (မဇ္ဈိမ)
13 August 2023
ထားဝယ်ခရိုင်အတွင်းက သပိတ်ဦးဆောင်ကော်မတီဝင်၏ ဖခင်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်
ပုံအညွှန်း-ဖမ်းဆီးခံထားရသူ ဦးအောင်ဖေ။(ဓာတ်ပုံ-CJ)

ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင်ဆန့်ရေးပြုလုပ်နေသည့် သပိတ်ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးဆိုသူ၏ ဖခင်ကို စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁၃ ရက်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မိသားစုဝင်ထံက သိရသည်။

“အဖေကို စဖမ်းတာက ဇွန်လ ၁၉ ရက်နေ့ကပါ။
ဒီနေ့မှ မိသားစုနဲ့ တွေ့ခွင့်ရတာပါ။ ဒီနေ့နဲ့ဆိုရင် ရက်ပေါင်း ၅၆ ရက်လောက် ရှိပါပြီ”ဟု ဖခင်ဖြစ်သူ အမှုဖွင့်အရေးယူခံရသည့်အကြောင်းကို ကိုမင်းလွင်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က အသက် ၆၅ နှစ်အရွယ်ရှိ ဦးအောင်ဖေအား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့တွင် မိသားစုဝင်များထံသို့ အကြောင်းကြားလာခြင်းဖြစ်ကာ မိသားစုဝင်များနှင့် ပထမဆုံး တွေ့ခွင့်ပေးခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

လက်ရှိတွင် လောင်းလုံးမြို့မရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ဦးအောင်ဖေအား ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားသော်လည်း မည်သည့်နေ့တွင် ရုံးထုတ် အမှုဖွင့်စစ်ဆေးမည်ကို မသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။

ထိုအတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ အတွင်း ကလည်း ကိုမင်းလွင်ဦး၏ မိခင်ဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ပြီး လေးရက်အကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်။

စစ်ကောင်စီက ကိုမင်းလွင်ဦးကို ဖမ်းဆီးရန် ဝရမ်းထုတ်ထားပြီး ဖမ်းဆီးပေးသူကို ဆုကြေးငွေ ပေးမည်ဟုလည်း ကြေညာထားခြင်း ဖြစ်သည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly