ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲရှိသည့်နေရာကို ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

By MTO (မဇ္ဈိမ)
13 August 2023
ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲရှိသည့်နေရာကို ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
ပုံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့် မှတ်တမ်း။ (ဓာတ်ပုံ-Ngazun People”s Defense Force)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကံသာကျေးရွာတွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

“ဒရုန်းနဲ့ ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်မှုရှိနိုင်ပေမယ့် အသေးစိတ် အခြေအနေကတော့ စုံစမ်းဆဲပါ” ဟု ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ကံသာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ ခန့် ရှိပြီး အနီးအနားကျေးရွာများမှဒေသခံများကို ဖမ်းဆီးခြင်း နှိပ်စက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ငါန်းဇွန်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က  ပြောသည်။

ယခုတိုက်ခိုက်မှုကို ငါန်းဇွန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ Black Eagle Force ၊ Black Eagle Drone Force ၊ မြင်းခြံခရိုင်တပ်ရင်း (၇)တပ်ခွဲ (၁)၊ ငါန်းဇွန် မီးနဂါးနှင့် ဒေါင်းဖိုင်တာအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ်လ  ၉ ရက် ၊ ၁၀ ရက် နှင့် ၁၁ ရက်နေ့များကလည်း ငါန်းဇွန်မြို့နယ် ရေလည်သောင်ကျေးရွာနှင့် လက်ပံသာကျေးရွာတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required