နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် အရှေ့တောင်ပေါ်ဒေသရှိ စစ်ကောင်စီ၏ အမှတ် (၆၀၆ ) ခြေမြန်တပ်ရင်း လက်အောက်ခံ စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း နေပြည်တော် PDFထံက သိရသည်။
အဆိုပါ တိုက်ပွဲတွင်လည်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် တဦး၊ ဗိုလ်ကြီးအဆင့် တဦးအပါအဝင် ၁၄ ဦးကျဆုံးပြီး ထွက်ပြေးလွတ်မြောက်သွားသူ ၁၂ ဦးရှိကြောင်း ဆိုသည်။
နေပြည်တော်အနီးဖြစ်ပွားသည့်တိုက်ပွဲဖြစ်သည့်အတွက် စစ်ကောင်စီဘက်က ဩဂုတ်လ ၁၁ ရက်နေ့တွင် လေကြောင်းပစ်ကူများအသုံးပြုခဲ့ကာ ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“နေပြည်တော်မှာ ဆိုတော့ လေကြောင်းပစ်ကူချက်ချင်းရောက်လာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စခန်းလည်း သိမ်းလိုက်နိုင်ပါတယ်။ လက်နက်များလည်း ရရှိခဲ့ပါတယ်”ဟု နေပြည်တော် PDF တာဝန်ရှိသူကပြောသည်။
ထိုတိုက်ပွဲကို နေပြည်တော် PDF၊ ရှမ်းတောင်စစ်ဒေသခွဲမှ PDF တပ်ရင်းများ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF)၊ ကရင်နီတပ်မတော် (KA) နှင့် ကရင်အမျိုးသားအစည်းအရုံး( KNU)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အရှေ့တောင်ပေါ်ဒေသရှိ ဘိုမ၊ သံတောင်၊ နန်းလွင်ဆန်းနှင့် တောင်မြင့်ရေပူကျေးရွာတစ်လျှောက်တွင် ဩဂုတ်လ ၈ ရက်နေ့ကစပြီး ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်ရန် မေတ္တာရပ်ခံကြောင်းလည်း နေပြည်တော် PDFကဆိုသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသကဲ့သို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာခြင်းမရှိသေးပေ။
'လမ်းများအားလုံးနေပြည်တော်သို့ ' စစ်ဆင်ရေးစီမံချက်အတိုင်းဆောင်ရွက်နေခြင်းဖြစ်ပြီး နေပြည်တော်သို့ရောက်ရှိမည့် လမ်းအားလုံးမှ ထိုးဖောက်ဝင်ရောက်မည်ဖြစ်ကြောင်း နေပြည်တော် PDF တာဝန်ရှိသူတဦးကပြောသည်
အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က “လမ်းများအားလုံးနေပြည်တော်သို့ စစ်ဆင်ရေး”ကို ချမှတ်ထားပြီး နိုင်ငံတဝန်းရှိတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် နေပြည်တော်သို့ ဦးတည်ကာ ချီတက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းက ပြောဆိုထားဖူးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး