Cobra စစ်ကြောင်းမှူး ဗိုလ်တာဘော သေဆုံးသည်မှာ အမှန်မဟုတ်

By JC (မဇ္ဈိမ)
12 August 2023
Cobra စစ်ကြောင်းမှူး ဗိုလ်တာဘော သေဆုံးသည်မှာ အမှန်မဟုတ်

Cobra column စစ်ကြောင်းမှူး ဗိုလ်တာဘော လက်ပစ်ဗုံးထိမှန်  သေဆုံးခဲ့ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

Saw Kang Zaung အမည်ရှိ ဖေ့စ်ဘုတ်အကောင့်တစ်ခုမှ “R.I.P ပါကိုကြီးရေ ပြောစရာစကားမရှိတော့ပါဘူး။ ပေးဆပ်မှုကြီးလွန်းပါတယ်” ဟု ဗိုလ်တာဘော၏ ဓါတ်ပုံတစ်ပုံဖြင့် တင်ထားသည့် Screenshot သည် ဩဂုတ်လ ၈ ရက်နေ့မှစတင်ကာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။ ထို့နောက် Thruth Media တယ်လီဂရမ်ချန်နယ်မှ “စောတာပေါ၊ ငါတို့ကလည်းRIPပါတယ်ကွာ။ ပေးဆပ်မှုကြီးတာကတော့ခွက်ခေါက်မရနိုင်တော့ဘူးပေါ့။ လက်ပစ်ဗုံးနဲ့ပစ်ထည့်ခိုင်းလို့ပစ်လိုက်ရတာနားလည်ပေးပါကွာ” ဟု (မူရင်းအရေးအသားအတိုင်း) ရုပ်သံဖိုင်တစ်ဖိုင်နှင့်အတူ ဩဂုတ်လ ၈ ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။ ယင်းအကြောင်းအရာကို တယ်လီဂရမ် ချန်နယ် ၁၃ တွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ဦးရေ  ၃၀,၀၀၀ ကျော်နေပြီဖြစ်သည်။ အလားတူ ဖေ့ဘုတ်လူမှုကွန်ရက် စာမျက်နှာတွင်လည်း ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမ မှထိုအကြောင်းအရာအား အချက်အလက်စစ်ဆေးခဲ့ရာ Cobra Column မှ စစ်ကြောင်းမှူး ဗိုလ်တာဘော သေဆုံးသည်မှာ အမှန်မဟုတ်ကြောင်း တွေ့ရသည်။

ဗိုလ်တာဘော သေဆုံးကြောင်း မူရင်းဖြန့်ဝေသူဖြစ်သည့် Saw Kang Zaung ဖေ့စ်ဘုတ်အကောင့် နှင့် မူရင်းပို့စ် ရှာဖွေခဲ့ရာ ထိုအကောင့်နှင့် ပို့စ်ကို ရှာမတွေ့ဘဲ ပြန်လည်ဖြန့်ဝေထားကြသည့် Screenshot များသာ တွေ့ရသည်။

ထို့အပြင် Truth Media မှဖော်ပြထားသည့် ဗီဒီယိုဖိုင်သည် Saw Kaw ဖေ့စ်ဘုတ်အကောင့်မှ ဇူလိုင် ၂၄ ရက်နေ့တွင် ဖော်ပြခဲ့သည့် ဗီဒီယိုဖိုင်မှ နောက်ပိုင်း ကိုးစက္ကန့်ကို ဖြတ်ယူထားခြင်းဖြစ်သည်။ မူရင်းဖော်ပြထားသည့် ဗီဒီယိုဖိုင်တွင် ၁မိနစ်နှင့် ၃၁စက္ကန့် ပါရှိပြီး ဗိုလ်တာဘောက ကလေးအရုပ်ကားပေါ်မှ စစ်ရေးညွှန်ကြားနေသည်ကို စနောက်ကာ ရိုက်ကူးထားခြင်းဖြစ်သည်။
လင့် - t.ly/xaI8T

စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံသို့ ပူးပေါင်းခဲ့၍  Cobar Column စစ်ကြောင်းမှူးဗိုလ်တာဘောက အလင်းဝင်စစ်သားနှစ်ဦးအား ဆုချီးမြှင့်နေသည့် ဓါတ်ပုံဖြင့် ဩဂုတ်လ ၁၀ ရက်နေ့တွင် KNLA ဒူးပလာယာခရိုင်မှ ထုတ်ပြန်လာသည်။ ဗိုလ်တာဘောသေဆုံးကြောင်း သတင်းစတင်ပျံ့နှံ့ခဲ့သည်မှာ ဩဂုတ်လ ၈ ရက်နေ့ဖြစ်သည်။
လင့် - t.ly/4CfAO

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာတွင်လည်း Cobar Column စစ်ကြောင်းမှူးဗိုလ်တာဘောက အလင်းဝင်စစ်သားနှစ်ဦးအား ဆုချီးမြှင့်နေသည့် ဓါတ်ပုံဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးအကြောင်း ယမန်နေ့  ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖော်ပြထားသည်။
လင့် - t.ly/oZLFp

ထိုဆုချီးမြှင့်နေသည့် ပုံသည် ဩဂုတ်လ ၁၀ ရက်နေ့က  ရိုက်ကူးထားသည့် ပုံများဖြစ်ပြီး လက်ရှိအချိန်အထိ ကရင်ပြည်နယ် မြဝတီမြို့အနီး လက်ခတ်တောင်စခန်းတွင် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း Corbar Column မှ ရဲဘော်တစ်ဦးက ပြောသည်။

“ခုထိ တူတူ ရှိနေတယ်။ ဗိုလ်ကြီးနဲ့ ခုထိ တူတူ ရှိနေတယ်။ (စစ်ကောင်စီတပ်သားနှစ်ဦး) အလင်းဝင်တာက နှစ်ရက်ရှိပြီ။ ပုံကတော့ ဒီနေ့(ဩဂုတ် ၁၀) မှရိုက်တာ။ လက်ခပ်တောင်ကို ငါတို့ အခုထိ ထိန်းချုပ်ထားတုန်းပဲ” ဟု ဗိုလ်တာဘောနှင့် အတူရှိနေသည့် ရဲဘော်တစ်ဦးက မဇ္ဈိမ ကို ဩဂုတ်လ ၁၀ ရက်နေ့ ညတွင် ပြောသည်။

ထို့ကြောင့် Cobra Column မှ စစ်ကြောင်းမှူးဗိုလ်တာဘောသည် လက်ပစ်ဗုံးကြောင့် သေဆုံးခဲ့သည်ဟု ပျံ့နှံ့နေသည်မှာ အမှန်မဟုတ်ဘဲ သတင်းအမှားသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly