လူကုန်ကူးခံရမည် စိုး၍ မြန်မာနှင့် ကမ္ဘောဒီးယားကို တရုတ်ဧည့်သည်များ ရှောင်ဖယ်လာ

လူကုန်ကူးခံရမည် စိုး၍ မြန်မာနှင့် ကမ္ဘောဒီးယားကို တရုတ်ဧည့်သည်များ ရှောင်ဖယ်လာ
Photo-AFP

တရုတ်နိုင်ငံနှင့် ခိုင်မာသော သံတမန်ဆက်ဆံရေး ရှိထားသည့် အရှေ့တောင်အာရှ နှစ်နိုင်ငံဖြစ်သော မြန်မာနှင့် ကမ္ဘောဒီးယားတို့သည် ကပ်ဘေးနောက်ပိုင်း၌ ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်ရေးအတွက် ကြိုးပမ်းမှုအဖြစ် တရုတ်ဧည့်သည်များကို ဦးတည်ချက်ထားသော သီးခြားလုပ်ငန်းစဉ်များကို ဖော်ဆောင်လာကြသည်။ သို့ရာတွင် ရာဇဝတ်မှုနှင့် ဘေးအန္တရာယ်တို့အားဖြင့် နာမည်ကျဆင်းနေခြင်းကြောင့် တရုတ်ဧည့်သည်များ ပြန်လည်ရရှိရေးသည် ခက်ခဲသော လမ်းကြောင်းအဖြစ် ရှိနေနိုင်သည်။

ဩဂုတ် ၄ ရက်က ကမ္ဘောဒီးယား ခရီးသွားဝန်ကြီးဌာနသည် တစ်နိုင်ငံလုံး စီမံချက်တစ်ရပ်ဖြစ်သော “တရုတ်အသင့်” ဆိုသည့် စီမံချက်ကို ဖော်ဆောင်လာသည်။ ဟိုတယ်၊ စားသောက်ဆိုင်၊ ခရီးသွားဧည့်လမ်းညွှန်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်တို့အပါအဝင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းအမျိုးအစား ခုနစ်မျိုးတွင် တရုတ်စကားပြော တိုးတက်ရေးအတွက် ရည်မှန်းသည် စီမံချက်တစ်ရပ် ဖြစ်သည်။ စီမံကိန်း၏ ပန်းတိုင်မှာ “စားသုံးဝယ်ယူသူ ဖောက်သည်များနှင့် ဆက်ဆံရသော အလုပ်သမားများ တရုတ်စကား ပြောတတ်ရန်” နှင့် “တရုတ်ဧည့်သည်များအတွက် ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ရန်” ဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုးရအရ သိရသည်။

ကပ်ဘေးမတိုင်ခင်က ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားသို့ ရောက်ရှိသည့် ဧည့်သည် ၆ ဒသမ ၆ သန်းကျော်တွင် တရုတ်ဧည့်သည်က ၃၅ ရာခိုင်နှုန်းကျော် ရှိသည်။ ထိုနှစ်၌ လူပေါင်း ၆၀၀,၀၀၀ ကျော် ဝင်ရောက်လုပ်ကိုင်နေသော ကမ္ဘောဒီးယား၏ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၂ ဘီလီယံ ရှိခဲ့ပြီး နိုင်ငံ ဂျီဒီပီ၏ ၁၂ ရာခိုင်နှုန်းခန့် ရှိခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ တွင်မူ ကမ္ဘောဒီးယားသို့ ဧည့်သည်လာရောက်မှုက ၁ ဒသမ ၃၁ သန်းသာ ရှိပြီး တမန်နှစ်ကထက် ၈၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်သည်။ ၂၀၂၁ တွင် နိုင်ငံတကာ ဧည့်သည် ဝင်ရောက်မှု ပို၍ ဆိုးဝါးကာ ၁၉၆,၄၀၀ သာလျှင် ရှိခဲ့သည်။

၂၀၂၁ နိုဝင်ဘာတွင် ကမ္ဘောဒီးယား၌ COVID-19 ကာကွယ်ဆေး ထိုးပြီးသူ ဧည့်သည်များအနေဖြင့် ကွာရန်တိုင်း ဝင်ရခြင်း မရှိတော့ဘဲ လာရောက်ခွင့် ခွင့်ပြုလိုက်သည်။ ပြီးခဲ့သည့်နှစ်၌ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းအများစုသည် ပုံမှန်အခြေသို့ ပြန်ရောက်ပြီး ဧည့်သည် ၂ ဒသမ ၂၇ သန်း ရောက်ရှိရာ ယခင်နှစ်က ဧည့်ဦးရေထက် ၆၆၉ ရာခိုင်နှုန်း ခုန်တက်ကာ အားကောင်းစွာ ဦးမော့ခြင်းပဲ ဖြစ်သည်။

သို့ရာတွင် တရုတ်ဧည့်သည်များအား ဆွဲဆောင်နိုင်မှုမှာမူ ကပ်ဘေးမတိုင်ခင်နှုန်းနားမှာပင် ရှိနေသေးသည်။ ၂၀၂၂ အတွင်း တရုတ်ဧည့်သည် ၁၀၆,၀၀၀ သာလျှင် လာရောက်ခဲ့သည်။ “တရုတ်အသင့်” စီမံချက်နှင့်အကူ ကမ္ဘောဒီးယားအနေဖြင့် နှစ်ကုန်၌ တရုတ်ဧည့်သည် ၈၀၀,၀၀၀ အနည်းဆုံး လာရောက်ရန် မျှော်လင့်ထားသည်။

ကမ္ဘောဒီးယားကဲ့သို့ပင် တရုတ်ဧည့်သည် ဆုံးရှုံးနေသော မြန်မာနိုင်ငံ၌လည်း တရုတ် အရှေ့မြောက်ပိုင်းက လူဦးရေ ၂၃ ဒသမ ၄ သန်းနေထိုင်ရာ ကျိလင်းပြည်နယ်အပေါ် မျှော်လင့်ချက် ထားနေသည်။ ပြီးခဲ့သည့် ဧပြီတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်ဖွင့်ခဲ့သည့် မြန်မာနိုင်ငံနှင့် ကျိလင်းပြည်နယ် တာဝန်ရှိသူများကြား နားလည်မှု စာချွှန်လွှာတစ်ရပ်ကို လက်မှတ်ထိုးခဲ့ပြီး အပြန်အလှန် ခရီးသွားမြှင့်တင်ရေးကို စိတ်ပိုင်းဖြတ်ခဲ့ကြသည်။

ထိုကဲ့သို့ ကမ္ဘောဒီးယားနှင့် မြန်မာတို့က တရုတ်ဧည့်သည် ရရှိရေး ဖော်ဆောင်နေကြသော်လည်း တရုတ်က အင်တာနက်လိုင်းပေါ်တွင် သံသယများ၊ မကောင်းရှုမြင်ခြင်းများဖြင့် တုံ့ပြန်ကြသည်။ ကျိလင်း-မြန်မာ မိတ်ဖက်ပြုမှုအပေါ်လည်း ဝေဖန်မှုများ ရှိနေသည်။

သံသယဖြင့် ထောက်ပြသူ တော်တော်များများက အဓိက စိုးရိမ်စရာ ရင်းမြစ်အဖြစ် ကမ္ဘောဒီးယားနှင့် မြန်မာတို့သည် လူမှောင်ခိုကူးသူများအတွက် ကွန်းခိုရာအရပ်အဖြစ် နာမည်ကျော်နေခြင်းကို ထောက်ပြကြသည်။ အာရှတလွှားက အလုပ်အကိုင် လိမ်လည်မှုများ လုပ်ဆောင်နေသည်ဟု သိရသော ဒေသရာဇဝတ်ကွန်ရက်များကြောင့် မြန်မာနှင့် ကမ္ဘောဒီးယားတို့သည် မကြာသေးသော နှစ်များအတွင်း သတင်းခေါင်းကြီးဖြစ်လာခဲ့သည်။ ပြည်ပတွင် အလုပ်အကိုင် ရရှိမည်ဟု ကြော်ငြာမက်လုံးပေး ဆွဲဆောင်ပြီး လိမ်လည်မှုဂိုဏ်းများက လူမှောင်ခိုကူးခြင်းများ လုပ်ဆောင်ကြသည်။ တရုတ်မှ လူငယ်ထောင်ပေါင်းများစွာသည် ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံများသို့ မှောင်ခိုကူးခံရပြီး အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအတွင်း အတင်းအကျပ် စေခိုင်းခံရသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

ကမ္ဘောဒီးယား ရဲများက ကယ်ဆယ်ရေးနှင့် မှောင်ခိုကူးခံရသူများအတွက် အရေးပေါ်ဖုန်းလိုင်း ထားရှိခြင်းများဖြင့် ဥပဒေသက်ဝင်အောင် လုပ်ဆောင်လာသော်လည်း လူမှောင်ခိုကူးသည့် ကပ်ဘေးသမျှ ပြဿနာက မကြာမတင် လျော့နည်းသွားရန် မရှိပေ။

ယင်းအတွက် ရလဒ်အားဖြင့် ကမ္ဘောဒီးယားနှင့် မြန်မာအပေါ် တရုတ်ပြည်သူများက ရှုမြင်မှုသည် အများအားဖြင့် မနှစ်လိုကြခြင်းပဲ ဖြစ်ကာ တရုတ်ဧည့်သည်များကို ဆွဲဆောင်နိုင်ရေး ယင်းနှစ်နိုင်ငံ၏ ကြိုးပမ်းမှုမှာလည်း ခက်ခဲပင်ပန်းဖွယ် ရှိနေသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly