မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆိုးဝါးတဲ့ရာသီဥတုကြောင့် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်မြင့်တက်နေ

By မဇ္ဈိမ 
11 August 2023
မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆိုးဝါးတဲ့ရာသီဥတုကြောင့် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်မြင့်တက်နေ

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆိုးဝါးတဲ့ရာသီဥတုကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ ဆက်လက်မြင့်တက်နေတယ်လို့ UNOCHA Myanmar က ထုတ်ပြန်လိုက်ပါတယ်။

ဖြစ်ပွားဆဲလက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဆိုးဝါးတဲ့ရာသီဥတုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ စဉ်ဆက်မပြတ်ဖြစ်နေသလို လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေလည်း မြန်မာနိုင်ငံတစ်ဝန်း၊ အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ဘက်၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဆက်လက် မြင့်တက်နေပါတယ်။ 

မုတ်သုံမိုးကြီးပြီး ဖြစ်ပေါ်လာတဲ့ ရေကြီးရေလျှံနဲ့မြေပြိုတာတွေကြောင့် လိုအပ်ချက်တွေလည်း ပိုမိုများပြားလာပါတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ စစ်ချီဝင်ရောက်တာတွေကြောင့် သြဂုတ်လ (၃) ရက်နေ့ကစတင်ပြီး ရွာသား ၅၀၀ ခန့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်မှာ ဇူလိုင်လနှောင်းပိုင်းက စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူ ၉,၀၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး အိုးအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။

 ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ လက်နက်ကြီးနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားလေးဦး ဒဏ်ရာရရှိရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ထောက်ပြထားတဲ့ စစ်ရာဇဝတ်မှုတွေဟာ စစ်ကိုင်းနဲ့ ကရင်နီလို ဒေသတွေမှာ နေ့စဉ် ကြုံတွေ့နေရတာဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။ 

မြန်မာစစ်ကောင်စီနဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဟာ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို ဗုံးကြဲ တိုက်ခိုက်တာ၊ ကျေးရွာတွေကို မီးရှို့တာလို စစ်ရာဇဝတ်မှုတွေကို ပိုပြီး ပြောင်ကျကျ တိုးလုပ်လာနေတယ်လို့ IIMM က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့အထိ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။

ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly