ရုရှားက ဩဂုတ် ၁ ရက်မှစပြီး မြန်မာနိုင်ငံသားများအတွက် အီလက်ထရောနစ် ဗီဇာများ ခွင့်ပြုပေးဟု ဆို

By မဇ္ဈိမ 
10 August 2023
ရုရှားက ဩဂုတ် ၁ ရက်မှစပြီး မြန်မာနိုင်ငံသားများအတွက် အီလက်ထရောနစ် ဗီဇာများ ခွင့်ပြုပေးဟု ဆို
Novosibirsk skyline in winter. Photo: Wikipedia

ရုရှားသည် ဩဂုတ်လ ၁ ရက်မှစပြီး မြန်မာနိုင်ငံသားများကို အီလက်ထရောနစ် ပြည်ဝင်ခွင့်ဗီဇာများဖြင့် ရုရှားနိုင်ငံသို့ လာရောက်ခွင့်ပြုပေးထားကြောင်း Asia News သတင်းတစ်ပုဒ်အရ သိရသည်။

ထို့ပြင် မြန်မာစစ်ကောင်စီသည် ရုရှား တောင်ပိုင်းမြို့ နိုဗိုစီဘာ့စ်ခ်နှင့် ဒုတိယအကြီးဆုံးမြို့ စိန့် ပီတာစဘတ်တို့တွင် ကောင်စစ်ဝန်ရုံးများ ဖွင့်ရန် စီစဉ်နေကြောင်း ဩဂုတ် ၈ ရက်နေ့ သတင်းတွင် ဖော်ပြသည်။

ရုရှား-ယူကရိန်း စစ်ပွဲ စတင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပြောင်းရွှေ့အခြေချသည့် ရုရှားနိုင်ငံသားဦးရေသည် မြင့်တက်နေခဲ့သည်ဟုလည်း ထိုသတင်းတွင် ဖော်ပြသည်။

ထို့ပြင် ရုရှား ရှေးရိုး ခရစ်ယာန်အသင်းတော်သည် ရန်ကုန်ရှိ မြူနီစီပယ် အာဏာပိုင်များ လှူဒါန်းသော မြေပေါ်တွင် ဘုရားကျောင်းသစ်တစ်ခု တည်ဆောက်မှုကို ကြေညာထားသည်။

ရုရှားသည် ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲပြီး၊ အနောက်အုပ်စု၏ အရေးယူပိတ်ဆို့မှုများ ချမှတ်ခံရပြီးနောက်တွင် အရှေ့သို့ လှည့်ခဲ့ကြောင်းနှင့် မြန်မာစစ်ကောင်စီနှင့် တိုးမြှင့်ဆက်ဆံလျက် ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ မြန်မာတွင်လည်း အာဏာသိမ်းစစ်အုပ်စုနှင့် ၎င်းတို့ကို ဆန့်ကျင်သော တော်လှန်ရေးတပ်ဖွဲ့အင်အားစုများအကြား တိုက်ပွဲများ ဖြစ်ပေါ်လျက် ရှိသည်။

မြန်မာနိုင်ငံသားများအပြင် ဗီယက်နမ်နှင့် ကမ္ဘောဒီယားနိုင်ငံသားများကိုလည်း အလွယ်တကူ လျှောက်ထားရရှိနိုင်သော အီလက်ထရောနစ် ဗီဇာများဖြင့် ရုရှားသို့ လာရောက်ခွင့်ပြုထားကြောင်း သိရသည်။

မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ရုရှားသို့ သွားရောက်လည်ပတ်ထားခဲ့သည်။ ရုရှားသည် မင်းအောင်လှိုင်၏ စစ်တပ်ကို လက်နက်များ ရောင်းချပေးနေသလို လေ့ကျင့်သင်ကြားပေးမှုများ ပေးနေသည်။

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်သည် ၎င်းတို့၏ ပြည်တွင်း လက်နက်ထုတ်လုပ်မှုကို ထောက်ပံ့ရန် အနည်းဆုံး ဒေါ်လာ တစ်ဘီလီယံခန့် တန်ဖိုးရှိ လက်နက်များနှင့် နည်းလမ်းနှစ်မျိုးသုံး ပစ္စည်းများကို ဝယ်ယူတင်သွင်းခဲ့ကြောင်း “ဒေါ်လာဘီလီယံချီသည့် သေမင်းတမန် ကုန်သွယ်မှု-မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပံ့ပိုးကူညီနေသော နိုင်ငံတကာ လက်နက်ကွန်ရက်များ” ဟု ခေါင်းစဉ်တပ်ထားသည့် မေလထုတ် အစီရင်ခံစာတစ်ရပ်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလအထူးအစီရင်ခံစာ တင်သွင်းသူ တွန်အန်ဒရူးစ်က ပြောသည်။ မြန်မာစစ်တပ်ထံ လက်နက်ပစ္စည်းများ ပံ့ပိုးသည့် နိုင်ငံများထဲတွင် ရုရှားသည် နိုင်ငံပိုင်ကုမ္ပဏီများအပါအဝင် ယင်း၏လုပ်ငန်းကုမ္ပဏီများမှ ဒေါ်လာ ၄၀၆ သန်းဖိုး ပံ့ပိုးခြင်းအားဖြင့် ထိပ်ဆုံးတွင် ရှိနေပြီး ယင်းနောက်တွင် တရုတ်၊ စင်္ကာပူ၊ အိန္ဒိယနှင့် ထိုင်းတို့ ရှိနေကြောင်း သိရသည်။

Russia allows electronic visas for Myanmar nationals as of 1 August

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required