ထိုင်း-မြန်မာကုန်သွယ်ရေးလမ်း ပြတ်တောက်မှုကြောင့် ကုန်စည် စီးဆင်းမှုရပ်တန့်နေပြီး ကုန်ဈေးနှုန်းများလည်း မြင့်တတ်နေ

ထိုင်း-မြန်မာကုန်သွယ်ရေးလမ်း ပြတ်တောက်မှုကြောင့် ကုန်စည် စီးဆင်းမှုရပ်တန့်နေပြီး ကုန်ဈေးနှုန်းများလည်း မြင့်တတ်နေ

ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ အာရှလမ်းမကြီးအပါအဝင် ကော့ကရိတ်ကနေ မြဝတီဘက်ကိုသွားနိုင်တဲ့ကားလမ်းတွေအားလုံးလည်း သွားလာမှုပြတ်တောက်နေပါတယ်။

ကရင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကုန်သွယ်ရေး အချက်အချာအကျဆုံးဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမ၊ တောနော်ရေတံခွန်အနီးနေရာမှာ ကားလမ်းအောက်ခံ မြေသားမြေပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တာပါ။

ဒါ့အပြင် လမ်း‌ဟောင်းလို့ အများသိကြတဲ့ ကော့ကရိတ် - မြဝတီဒေါနတောင် လမ်းဟောင်းပိုင်း မှာတော့ အသုံးမပြုမှုကြာမြင့်နေတာကြောင့် လမ်းတွေရေကျော်ပျက်စီးထားသလို စစ်ကောင်စီ နဲ့ တော်လှန်ရေးအင်အားစုတွေ ခြေကုပ်ယူထားကြတာရှိလို့ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေလို့ ပြောပါတယ်။

ထို့ကိုကိုးလမ်းကလည်း မိုးရွာသွန်းမှုတွေကြောင့် လမ်းပိုင်းပျက်စီးမှုတွေ ရှိနေတဲ့အတွက် သွားလာဖို့ အခက်အခဲရှိနေတာပါ။

ဒီလို သဘာဝဘေးကြောင့် ကရင်ဒေသကိုဖြတ်တဲ့ ဘားအံ - ကော့ကရိတ် - မြဝတီ ကိုသွားနိုင်တဲ့ လမ်းကြောင်း ၃ ကြောင်းလုံး သွားလာရေးခက်ခဲနေချိန်မှာပဲ မြဝတီလက်ခတ်တောင်၊ ကော့ကရိတ် ကော့နွဲ ကျေးရွာ၊ ကြောင်လျှာကုန်းကျေးရွာ၊ ခနိမ်းမူ ရပ်ကွက်တွေဘက်မှာစစ်ကောင်စီတပ် နဲ့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြနေပါတယ်။

နယ်စပ်ကုန်သည်တစ်ဦးကတော့ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းပိုင်းတွေမှာ သွားလာဖို့ ခက်ခဲလာတဲ့အတွက် ကုန်စည်စီးဆင်းမှု လုံးဝရပ်တန့်သွားပြီးနောက် ကုန်ဈေးနှုန်းတွေ ချက်ချင်းဆိုသလို ခုန်တက်လာတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြဝတီမှာလည်းရေကြီးရေလျှံဖြစ်နေလို့ ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုထက်မနည်းဖွင့်ထားရပြီး အခုလို လမ်းပျက်တာနဲ့ ရေကြီးတာတွေကြောင့် ထိုင်းကုန်စည်တွေကို အဓိကထားသုံးနေရသလို မြန်မာကုန်စည်တချို့ကတော့ အသွားအလာခက်ခဲတာနဲ့ လမ်းပိုင်းအလိုက် တပ်အသီးသီးက အခွန်ကောက်လို့ ကုန်ဈေးနှုန်း မြင့်တက်လာတယ်လို့ ‌ပြောကြပါတယ်။

ထိုင်းကုန်ပစ္စည်းတွေဟာ လမ်းကြောင်းပြင်ဆင်မှု ပြီးစီးတဲ့အခြေအနေပေါ် မူတည်ကာ ကုန်ပစ္စည်း ဝင်ရောက်မှုတွေ ကြန့်ကြာနိုင်သလို ကုန်ပစ္စည်းဝင်ရောက်မှု ကြန့်ကြာပါက ဒေသတွင်းထိုင်းကုန် ပစ္စည်းပြတ်လပ်မှုတွေအထိ ရှိလာနိုင်တယ်လို့ နယ်စပ်ကုန်သွယ်ရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း တောနော်ရေတံခွန် အနီးမှာ ဩဂုတ် ၇ ရက်က လမ်းသားပြိုကျခဲ့တဲ့ နေရာမှာ ယာယီ ဘေလီတံတားထိုးဖို့ စီစဉ်ဆောင်ရွေက်နေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားပါတယ်။ 

လက်ရှိမှာတော့ တံတားထိုးပြီးပြီ ဆိုတာဟာ မဟုတ်ဘဲ အချိန်တစ်ပတ် ၊ နှစ်ပတ်ခန့် ကြာနိုင်တယ်လို့ ဖြေကြားထားပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ သွင်းကုန် ကုမ္ပဏီတစ်ဦး ကတော့ အာရှလမ်းမကြီးမှာ ကားသွားလို့ မရသေးတဲ့အတွက် သူတို့အနေနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ် ဘက်နေ ကုန်စည်တွေ လှည့်သွင်းဖို့ စဉ်းစားထားကြောင်း ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့ တဖက်ကမ်း မဲဆောက်မြို့ကနေ ထိုင်းအထက်ပိုင်း မဲဆိုင်မြို့ကို ကုန်စည်တွေ တဆင့်သယ်ပြီး ရှမ်းအရှေ့ပိုင်းကနေ ရန်ကုန်ကို ပြန်သယ်ရတဲ့အတွက် ကုန်ကျစရိတ်တွေ များလာလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကနေ  မြန်မာနိုင်ငံကို စားသောက်ကုန်၊ အထည် အလိပ်၊ အလှကုန်၊ စက်ယန္တရားအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေကို အဓိကတင်သွင်းနေတာဖြစ်ပြီး မြန်မာနိုင်ငံကလည်း ထိုင်းနိုင်ငံထဲကို ပြောင်း၊ ဆန်ကွဲနဲ့ ရေထွက်ကုန်တွေကို အဓိ က တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ထိုင်း- မြန်မာနှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀၀ နီးပါး ကုန်သွယ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကုန်သွယ်မှုဦးစီးဌာ နရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly